သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ တပတ်အတွင်း လူပေါင်း ၁,၆၀၀ သေဆုံး


ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်တွေနဲ့ အတိုက်အခံတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ၁၈ လကြာ ကာလအတွင်း ပြီးခဲ့တဲ့ ရက်သီတင်းပတ်မှာ သေဆုံးရသူ ၁,၆၀၀ ဖြစ်သွားတာမို့ အသေအပျောက် အများဆုံး သီတင်းပတ်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။ သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေတယ်လို့ UNICEF အဖွဲ့ ပြောခွင့်ရ ပက်ထရစ် မက်ကော်မစ် (Patrick McCormick) က ပြောပေမဲ့ အတိအကျကိုတော့ ထုတ်မပြောပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သမ္မတ Bashar al-Assad အာဆတ်ရဲ့ တပ်တွေက သူ့ကို ဆန့်ကျင်သူတွေကို လေကြောင်းကပါ ချေမှုန်းတာတွေ လုပ်လာခဲ့တာမို့ သေဆုံးသူ အရေအတွက် ၁၀၀ ကနေ ၂၀၀ လောက် အထိ ရှိနိုင်တယ်လို့ ဆီးရီးယား အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီဒေသထဲကို နိုင်ငံခြား သတင်းထောက်တွေ ဝင်ခွင့်မပေးတဲ့ အတွက် အစိုးရဘက်ကရော အတိုက်အခံ ဘက်ကပါ ပြောကြားနေတဲ့ နေ့စဉ်သေဆုံးရသူ အရေအတွက် နဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်ရဖို့ သိပ်ကို ခဲယဉ်းပါတယ်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဘက် တိုက်ခိုက်မှုတွေ ထဲမှာ သြဂုတ်လ တလထဲ အတွက် သေဆုံးရ သူပေါင်း ၅,၀၀၀ လောက် ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် မတ်လမှ လူထုအုံကြွမှု စတင်ခဲ့ချိန်ကစလို့ အသေအပျောက် အများဆုံးလ ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့ အများအပြားက ပြောပါတယ်။

တနင်္ဂနွေနေ့ ကတော့ ဒမတ်စကတ် မြို့တော်ထဲက လုံခြုံရေး ဝင်းနားမှာ ဆီးရီးယား လွတ်မြောက်ရေး အတိုက်အခံ သူပုန်အဖွဲ့ရဲ့ လက်ချက်နဲ့ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မြို့တော် ဆင်ခြေဖုံး ဒေသမှာ စနေနေ့ ညပိုင်း ကားဗုံး ပေါက်ကွဲမှုကနေ ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဆီးရီးယား မြို့တော် ဒမတ်စကတ် ဝန်းကျင်မှာ မကြာခင် လတွေအတွင်း သမ္မတ အာဆတ် အစိုးရရဲ့ လုံခြုံရေး ချထားတဲ့ နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လာတာ တွေ့ရပါတယ်။
XS
SM
MD
LG