ကုလသမဂ္ဂရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လက်ဒါ ဘရာဟီမီ (Lakhdar Brahimi) နဲ့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး တို့ စနေနေ့က ဆွေးနွေးပြောဆိုမှုဟာ လေးနက်ပြီးတော့ အပြုသဘော ဆောင်တယ်လို့ ဆီးရီးယား အစိုးရက ပြောလိုက်ပါတယ်။ ၁၉ လကြာ ဆီးရီးယား အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေကို ယာယီ ရပ်ဆိုင်းပြီး ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သူတို့နှစ်ယောက် ဆွေးနွေးခဲ့တယ်လို့ ဆီးရီးယား အစိုးရပိုင် ဆာနား သတင်းအေဂျင်စီက ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ထုတ်ပြန် ပြောဆိုခြင်း မရှိခဲ့ပါဘူး။
ဒါပေမဲ့ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတိုင်းမှာ ပြည်ပက ၀င်ရောက်စွက်ဖက်မှုတွေကို ထပ်တလဲလဲ ပြောသွားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အာရပ်အဖွဲ့ သံကိုယ်စားလှယ်ဟာ သူ့ရဲ့ ဆီးရီးယားနိုင်ငံ ခရီးစဉ်အတွင်းမှာ သမ္မတ ဘက်ရှားအယ်လ်အာဆဒ် နဲ့ရော၊ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့က စတင်မယ့် မူစလင်တွေရဲ့ အားလပ်ရက်ဖြစ်တဲ့ အစ်နေ့ လေးရက်အတွင်းမှာ အပစ်အခတ် ရပ်စဲရေးကိစ္စကို ထောက်ခံဖို့ ဘရာဟီမီ က ဆီးရီးယား အစိုးရကို တွန်းအားပေးနေပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ်တွေကလည်း အစ္စလာမ်ဘာသာရေး ပွဲတော်ရက်တွေ အတွင်းမှာ အကြမ်းဖက်တာတွေ အဆုံးသတ်ကြဖို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယား နိုင်ငံတ၀ှမ်း အစိုးရတပ်တွေနဲ့ သူပုန်တွေကြားမှာ စနေနေ့က တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၀ သေဆုံးသွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့က ပြောပါတ်ယ။