သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ကထုတ်ပယ်ဖို့ အတိုက်အခံတောင်းဆို


ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ကထုတ်ပယ်ဖို့ အတိုက်အခံတောင်းဆို
ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်ကထုတ်ပယ်ဖို့ အတိုက်အခံတောင်းဆို

ဆီးရီးယားနိုင်ငံကို အာရပ်အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းထားဖို့ အတိုက်အခံခေါင်းဆောင်တွေက တိုက်တွန်းနေချိန်မှာပဲ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီကနေ့ နိုင်ငံအနှံ့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံက မငြိမ်မသက်မှုတွေ ဖြစ်ပွားနေတဲ့ကိစ္စနဲ့ပတ်သက်လို့ မနက်ဖြန်ကျရင်တော့ အဖွဲ့ဝင် ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်က အရေးပေါ် အစည်းအဝေးပွဲတစ်ခု ကျင်းပသွားမှာပါ။ အစိုးရက အတိုက်အခံတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းနေတာတွေ အဆုံးသတ်စေမယ့် သဘောတူညီချက် ပျက်ပြားသွားတဲ့ အခြေအနေမှာ အခုလို အရေးပေါ် အစည်းအဝေးပွဲ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

ဒီလဆန်းပိုင်းမှာတုန်းကတော့ လမ်းပေါ်မှာချထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပြန်လည်ရုတ်သိမ်းပြီး အတိုက်အခံတွေနဲ့ဆွေးနွေးဖို့ ပါဝင်တဲ့ အစီအစဉ်တစ်ရပ်ကို သဘောတူလက်ခံကြောင်း ဆီးရီးယားအစိုးရက ကြေညာခဲ့တာပါ။ ဒါပေမဲ့လည်း သွေးထွက်သံယို နှိမ်နင်းမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ တက်ကြွလှုပ်ရှားသူတွေနဲ့ မျက်မြင်တွေ့သူတွေကတော့ ပြောဆိုနေကြတာဖြစ်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ဖြစ်တဲ့ Human Rights Watch ကလည်း ဆီးရီးယားနိုင်ငံကို အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းထားရေး တောင်းဆိုချက်ကို ထောက်ခံပြီး ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ ပဋိပက္ခတွေဖြစ်ပွားရာ အဓိကမြို့တစ်ခုဖြစ်တဲ့ ဟွမ်းစ် နဲ့ တခြားဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ဆီးရီးယား အာဏာပိုင်တွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ကောင်း သတ်မှတ်နိုင်တယ်လို့လည်း နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုအတွင်း လူအနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့လည်း ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောဆိုပါတယ်။ ဒါ့အပြင် ဆန္ဒပြပွဲတွေမလုပ်နိုင်အောင် ကြိုးပမ်းချက်တစ်ရပ် အနေနဲ့ ဒမက်စကတ်စ်မြို့က အိမ်ခေါင်းမိုးတွေပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ဖြန့်ချထားတယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုနေပါတယ်။

ကြာသပတေးနေ့က နှိမ်နင်းမှုအတွင်းမှာတော့ အနည်းဆုံး ၃၃ ယောက် သေဆုံးခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုနေတာပါ။ သေဆုံးမှုအများဆုံးက ဟွမ်းစ် မြို့ဒေသတဝိုက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

XS
SM
MD
LG