သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားအာဏာရပါတီရုံး တိုက်ခိုက်ခံရ


ဆီးရီယားအာဏာရပါတီရုံး တိုက်ခိုက်ခံရ

မနေ့က တနင်္ဂနွေနေ့က ဆီးရီးယားနိုင်ငံ ဒမက်စကတ်မြို့တော်မှာ အာဏာရ ဘက်သ် (Baath) ပါတီရုံးချုပ်ကို စစ်ဘက်သုံး ရော့ကတ်ဗုံးတွေ များစွာထိမှန်ခဲ့တယ်လို့ ဆီးရီးယား တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ဆီးရီးယားရဲ့ သွေးထွက်သံယို အရေးအခင်းတွေကို အဆုံးသတ်စေဖို့ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် အစိုးရရဲ့ အစီအစဉ်တစ်ရပ်ကို ပြင်ဆင်ချက်တွေနဲ့ တင်ပြလာခဲ့တာမှာ အာရပ်အဖွဲ့ချုပ်က အဲဒါကို ပယ်ချလိုက်ပြီး သိပ်မကြာခင်မှာ အခုလို ဘက်သ်ပါတီ ဌာနချုပ်ကို ဗုံးသီးတွေ ထိမှန်ခဲ့တာပါ။

ဒမက်စကတ်မြို့လယ်ခေါင်မှာ ပေါက်ကွဲမှုတွေ များစွာဖြစ်ခဲ့ပြီး မီးသတ်ကားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ ပေါက်ကွဲနေတဲ့နေရာတွေကို ရောက်လာခဲ့ပါတယ်။ တူရကီနိုင်ငံမှာ ခိုလုံနေတဲ့ ဆီးရီးယားလွတ်မြောက်ရေး တပ်မတော် ခေါ် အစိုးရစစ်တပ်ထဲက ပုန်ကန်ခွဲထွက်လာသူတွေရဲ့ အရာရှိတွေက ပေါက်ကွဲမှုတွေဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လက စတင်ခဲ့တဲ့ ဆီးရီးယားနိုင်ငံရဲ့ မငြိမ်သက်မှုတွေအတွင်း မြို့တော် ဒမက်စကတ်မှာ အခုလိုတိုက်ခိုက်ခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကို ရပ်ဆိုင်းပစ်ရေးအစား အာရပ်အဖွဲ့ချုပ်ကနေ လေ့လာသူ ငါးယောက်ကို ဆီးရီးယားကို စေလွှတ်ပြီး စောင့်ကြည့်လေ့လာဖို့ သမ္မတအာဆဒ်ရဲ့ ပြင်ဆင် တင်ပြချက်ကို အာရပ်အဖွဲ့ချုပ်က ပယ်ချခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG