သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အာရပ်အဖွဲ့ချုပ် ပိတ်ဆို့အရေးယူ


ဆီးရီးယားကို အာရပ်အဖွဲ့ချုပ် ပိတ်ဆို့အရေးယူ
ဆီးရီးယားကို အာရပ်အဖွဲ့ချုပ် ပိတ်ဆို့အရေးယူ

ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူဖို့ အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးတွေက တနင်္ဂနွေနေ့က သဘောတူလိုက်ကြပါတယ်။ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အသေအကြေ နှိမ်နင်းခဲ့တဲ့အတွက်ကြောင့် အာရပ်အဖွဲ့ချုပ်က စောင့်ကြပ်ကြည့်ရှုသူတွေ စေလွှတ်ဖို့ စီစဉ်ခဲ့တာကို ဆီးရီးယား အစိုးရက လက်မခံခဲ့တဲ့အတွက် ခုလို ဆုံးဖြတ်လိုက်ကြတာပါ။

တက်ရောက်လာကြတဲ့ နိုင်ငံခြားရေးဝန်ကြီး ၂၂ ယောက် အနက် ၁၉ ယောက်က သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီး Hamad bin Jassim bin Jaber al-Thani က ပြောပါတယ်။ အီရတ် နဲ့ လက်ဘနွန်တို့က မဲမပေးခဲ့ကြပါဘူး။

အရေးယူဆောင်ရွက်မယ့် အစီအစဉ်တွေထဲမှာ အာရပ်နိုင်ငံတွေမှာရှိတဲ့ ဆီရီးယား ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ယူလွှဲပြောင်းခွင့် ပိတ်ပင်မှာဖြစ်သလို ဆီးရီးယား ဗဟိုဘဏ်နဲ့ ဆက်ဆံ လုပ်ကိုင်တာတွေကိုလည်း ရပ်ဆိုင်းလိုက်မှာ ဖြစ်ပါတယ်။ ဆီးရီးယား ထိပ်ပိုင်း အရာရှိတွေ ခရီးသွားလာတာကိုလည်း ပိတ်ပင်လိုက်ပြီး ဆီးရီးယားမှာ အာရပ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ဒါပေမဲ့ လူထုနဲ့ အိမ်နီးချင်းနိုင်ငံတွေ မထိခိုက်အောင်တော့ ပိုပြီး ဂရုစိုက်လုပ်ကိုင်မယ်လို့ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင် Nabil al-Arabi က ပြောပါတယ်။ ပိတ်ဆို့အရေးယူမှုကြောင့် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကိုရော၊ ဆက်လက် အရေးယူဖို့ လိုမလိုကိုပါ သုံးသပ်ဖို့အတွက် လာမယ့်စနေနေ့မှာ နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံတွေ့ဆုံကြဖို့လည်း သဘောတူကြပါတယ်။ ဒီလိုအရေးယူလိုက်တာဟာ အာရပ် အဖွဲ့ချုပ်ရဲ့ သက်တမ်း ၆၆ နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ပထမဆုံး စီးပွားရေး၊ နိုင်ငံရေးအရ ပိတ်ဆို့အရေးယူလိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG