သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားပြစ်မှု စုံစမ်းဖို့ ကုလ တောင်းဆို


ဆီးရီးယားပြစ်မှု စုံစမ်းဖို့ ကုလ တောင်းဆို
ဆီးရီးယားပြစ်မှု စုံစမ်းဖို့ ကုလ တောင်းဆို

ဆီးရီးယားနိုင်ငံ လက်ဘနွန်နယ်စပ်အနီး ကျေးရွာတွေမှာ ပစ်ခတ်မှုတွေ အကြီးအကျယ် ဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဆီးရီးယားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ နိုင်ငံတွင်း အကြမ်းဖက်နှိမ်နင်းမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အိမ်နီးချင်း လက်ဘနွန် နိုင်ငံထဲကို ထွက်ပြေးဖို့ကြိုးစားကြတဲ့ ဆီးရီးယားရွာသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အကြောင်း ဆီးရီးယား လူ့အခွင့်အရေး လေ့လာရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ မြို့အတော်များများမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို ဘယ်သူဘယ်ဝါမသိရတဲ့ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာမှာ အနည်းဆုံး လူ ၈ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း လန်ဒန်မြို့မှာအခြေစိုက်တဲ့ ဒီလူ့အခွင့်အရေးအဖွဲ့ကပဲ ပြောပါတယ်။

တချိန်တည်းမှာပဲ အစိုးရကို ထောက်ခံတဲ့ လူထုစုဝေးမှုတွေ Damascus နဲ့ တခြားမြို့ကြီးတွေအတော်များများမှာ ဖြစ်ခဲ့တယ်လို့ ဆီးရီးယားအစိုးရက ပြောပါတယ်။ ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ အတိုက်အခံတွေ အပေါ် နှိမ်နင်းမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ကုလသမဂ္ဂ ထိပ်တန်း လူ့အခွင့်အရေး အရာရှိတစ်ဦးက ဒီကနေ့ အစောပိုင်းက ပြောခဲ့ပါတယ်။

ဆီးရီးယားအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေကြောင့် ကလေးငယ်ပေါင်း ရာနဲ့ချီ သေဆုံးမှုတွေ ဖြစ်ရတယ်လို့ ဂျနီဗာမြို့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီပီလေးက ပြောဆိုခဲ့တာပါ။ ဒီလိုလူသားမဆန်တဲ့ပြစ်မှုတွေအတွက် ဆီးရီးယားကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ သူက တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားပြည်သူတွေကို အကာအကွယ်ပေးဖို့ ထိရောက်တဲ့ အရေးပေါ် ဆောင်ရွက်ချက်တွေ လုပ်ဖို့ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို သူက တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG