သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်တပ် လက်ချက် လူအနည်းဆုံး ၃၀ သေဆုံး


ဆီးရီးယားစစ်တပ် လက်ချက် လူအနည်းဆုံး ၃၀ သေဆုံး
ဆီးရီးယားစစ်တပ် လက်ချက် လူအနည်းဆုံး ၃၀ သေဆုံး

ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး အတိုက်အခံတွေ စုဝေးရာ ဟုမ်း မြို့ကြီးမှာ အစိုးရတပ်ဖွဲ့တွေက အရှိန်အဟုန်မြှင့် တိုက်ခိုက်နေတာကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အာရပ် အဖွဲ့ချုပ် အကဲခတ်အဖွဲ့အနေနဲ့ ဟုမ်းမြို့ကြီးကို အလျင်အမြန် သွားရောက်ပါရန် တိုက်တွန်းလိုက်ပါတယ်။

အာရပ်အဖွဲ့ချုပ် အကဲခတ်အဖွဲ့ဝင် ၅၀ နဲ့ တခြား အာရပ်အဖွဲ့ချုပ် တာဝန်ခံ ၁၀ ဦးဟာ အီဂျစ်နိုင်ငံကနေ ဆီးရီးယားနိုင်ငံကို မနေ့က ရောက်ရှိခဲ့ပါတယ်။ သမ္မတ အာဆဒ် အစိုးရက မြို့ကြီးတွေကနေ တင့်ကားတွေနဲ့ တပ်ဖွဲ့တွေကို ရုပ်သိမ်းပေးပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါမယ် ဆိုတဲ့ အာရပ် အဖွဲ့ချုပ်ကို ပေးအပ်ထားတဲ့ ကတိစကားအတိုင်း လိုက်နာခြင်း ရှိမရှိ အကဲခတ်ဖို့အတွက် အာရပ်အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေတာပါ။

အနည်းဆုံး အာရပ် ၈ နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အာရပ်အဖွဲ့ချုပ် အကဲခတ်အဖွဲ့ဟာ ဟုမ်းမြို့ကြီး အပါအဝင် Idlib, Hama နဲ့ Daraa မြို့ကြီးတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ အာရပ် အကဲခတ်ပုဂ္ဂိုလ်တွေ အနေနဲ့ ဟုမ်းမြို့ကြီးကို ချက်ချင်းသွားရောက်ပါလို့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြသလို ပြင်သစ်နိုင်ငံကလည်း တိုက်တွန်းနေပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အခြေစိုက် ဆီးရီးယား အတိုက်အခံခေါင်းဆောင်ရဲ့ အဆိုအရတော့ အကဲခတ် အဖွဲ့ဝင်တချို့ ဟားမား မြို့ကြီးကို ရောက်ရှိသွားကြပေမဲ့ ဒေသခံ တာဝန်ရှိသူတွေက မြို့ထဲမှာ သူတို့ကို လွတ်လွတ်လပ်လပ် သွားခွင့်မပြုဘူးလို့ မနေ့က ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ဘာဟမ်ဂါလီယွန် (Burhan Ghalioun) ကတော့ ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန်းကရပ်အောင် နိုင်ငံတကာက ကြိုးပမ်းနေတာတွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ပခုံးလွှဲပြောင်း တာဝန်ယူပါရန် ပန်ကြားလိုက်ပါတယ်။

XS
SM
MD
LG