ဆီးရီးယားတောင်ပိုင်းက ဒါရာ (Daraa) မြို့ကို ထိန်းချုပ်ထားတဲ့ ဆီးရီးယား စစ်တပ်က ဆက်ပြီး ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ ရပ်ဆိုင်းသွားဖို့ စစ်အင်အားတွေ တိုးမြှင့်ချထား ကြိုးပမ်းနေကြပါတယ်။ မြို့ထဲက နာရီသစ်လို့ အမည်ပေးထားတဲ့ Flashpoint မျှော်စင်အနီးမှာလည်း သေနတ်သံတွေ ကြားနေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒါရာမြို့ထဲကို ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က တင့်ကားတွေနဲ့ ဝင်ရောက်လာပြီး ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးသွားပြီး လူတွေ ကြောက်လန့်နေကြတဲ့ ရုပ်မြင်သံကြား သတင်းတွေကြောင့် နိုင်ငံတကာက ဆီးရီးယား အစိုးရကို ပြစ်တင် ရှုတ်ချနေကြပါတယ်။
ဒီနေ့မှာတော့ ကမ်းရိုးတန်း မြို့တမြို့ဖြစ်တဲ့ ဘာနီးယပ်စ် (Banias) မြို့မှာလည်း စစ်အင်အားတွေ တိုးချဲ့ချထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မနေ့က ဒီလို အကြမ်းဖက် နှိမ်နင်းခဲ့ပေမဲ့ ဆန္ဒပြပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာကြောင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ် (William Hague) က အကြမ်းဖက် ဖြိုခွင်းတာတွေ ရပ်ဆိုင်းဖို့ ဆီးရီးယား အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ပြင်သစ်နဲ့ အီတလီ နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစောင် ဒီနေ့ ထုတ်ပြန်ခဲ့ရာမှာ ဆီးရီးယား အစိုးရရဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး ဆီးရီးယား အစိုးရကို ဖိအားပေးမှုတွေ လုပ်ဆောင်ကြဖို့ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့ကို တိုက်တွန်းထားပါတယ်။
အမေရိကန် အစိုးရက ဆီးရီးယား အစိုးရကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ ဒဏ်ခတ်တာတွေ ချမှတ်ဖို့ စီစဉ်နေတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
စစ်အင်အားသုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းနေတာ ရပ်တန့်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး မစ်စ် နာဗီ ပီလေး (Navi Pillay) က ဆီးရီးယား အစိုးရကို ပြောဆိုလိုက်ပြီး ဆန္ဒပြသူတွေကို ပစ်ခတ် သတ်ဖြတ်နေမှုတွေအပေါ် စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဆီးရီးယားမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ ထွက်ခွာသွားကြဖို့ သတိပေး ကြေညာချက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၂၅ ရက်နေ့က ထုတ်ပြန်လိုက်ပြီး ဒမတ်စကတ်မြို့တော်က အမေရိကန် သံရုံးကလည်း မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတွေသာ ထားရှိပြီး ကျန်တဲ့ ဝန်ထမ်းတွေလည်း ဆီးရီးယားကနေ ထွက်ခွာသွားတော့မယ်လို့ ဆိုပါတယ်။
အခုအချိန်ထိ ဆီးရီးယားနိုင်ငံမှာ လူပေါင်း ၃၅၀ ကျော်ဟာ မငြိမ်မသက်မှုတွေကြောင့် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။