သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားလုံခြုံရေးတပ်ကြောင့် ဆန္ဒပြသူ ၃၀ ကျော် သေဆုံး


ဆီးရီးယားလုံခြုံရေးတပ်ကြောင့် ဆန္ဒပြသူ ၃၀ ကျော် သေဆုံး

ဆီးရီးယားသမ္မတ ဘာရှား အယ်လ်-အာဆဒ် (Bashar al-Assad) ကို ဆန့်ကျင် ဆန္ဒပြသူတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဟာမာ (Hama) မြို့မှာ သောကြာနေ့က ဆန္ဒပြကြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၄ ယောက်လောက် သေဆုံးသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မြို့တော် ဒမတ်စကတ် (Damascus) ရဲ့ မြောက်ဘက် ၁၈၆ မိုင်လောက်ဝေးတဲ့ အဲဒီ ဟာမာမြို့မှာ သောကြာနေ့ ဘုရားဝတ်ပြုပွဲအပြီး လုံခြုံရေးတွေက စတင် ပစ်ခတ်တာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဘုရားဝတ်ပြုအပြီး ထောင်နဲ့ချီတဲ့သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြကြတဲ့အချိန် လုံခြုံရေး တပ်ဖွဲ့တွေက ကျည်ဆံအစစ်တွေသုံးပြီး ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သမ္မတ အာဆဒ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ သေဆုံးသူတွေထဲ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကလေးငယ် အရေအတွက် များပြားလာတဲ့အပေါ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြကြဖို့ အတိုက်အခံ အင်အားစုတွေက တောင်းဆိုခဲ့တာကြောင့် သောကြာနေ့က မြို့တော် ဒမတ်စကတ်နဲ့ တခြား မြို့အတော်များများမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

အာဏာပိုင်တွေဘက်က ဘယ်လိုပဲ ငြင်းနေပေမဲ့ မကြာခင် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေအတွင်း အနည်းဆုံး ကလေးငယ် ၂၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆန္ဒပြပွဲတွေကို ဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။ အဲဒီ သေဆုံးသူတွေထဲ လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ပစ်လိုက်တဲ့ ၁၃ နှစ်သားလေးလည်း ပါပါတယ်။ ဆီးရီးယား အာဏာပိုင်တွေကတော့ အဲဒီကလေးငယ်ကို သတ်ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

XS
SM
MD
LG