ဆီးရီးယားနိုင်ငံမှာ ဆန္ဒပြပွဲတွေ အဓိက ဖြစ်ပွားနေတဲ့ ဟားမား (Hama) မြို့ထဲကို သံချပ်ကာ အမြောက်ကားတွေက နောက်ခံပစ်ပေးတဲ့ စစ်သားတွေ ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့လို့ လူ ၄၅ ဦးမက သေဆုံးသွားရတယ်လို့ ဆီးရီးယားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။
မြို့တခုလုံးအနှံ့ စက်သေနတ်သံတွေ၊ အမြောက်သံတွေ ကြားနေရတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ဆေးရုံမှာလည်း ဒဏ်ရာရသူတွေနဲ့ အပြည့်အလျှံ ဖြစ်နေပြီး သွေးလည်း အရေးပေါ် လိုအပ်နေတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက်လည်း ပိုမြင့်လာနိုင်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက တနင်္ဂနွေ အရုဏ်တက်မှာ စတင်တိုက်ခိုက်ပြီး ဦးတည်ချက်မရှိ ရမ်းသန်း ပစ်ခတ်တဲ့အပြင် စစ်သားတွေ ဝင်မလာနိုင်အောင် တားဆီးထားတဲ့ လမ်းက အရံအတားတွေကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar Al-Assad) ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အစိုးရကို တွန်းလှန်မှု သမိုင်းမှာ အရေးပါလှတဲ့ ဟားမားမြို့မှာ အကြီးကျယ်ဆုံး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၈၂ ခုနှစ်တုန်းကဆိုရင် သမ္မတ အယ်လ် အာဆတ်ရဲ့ ဖခင်ဖြစ်သူက ဆန္ဒပြသူတွေ နှုတ်ဆိတ်သွားအောင်လို့ စစ်တပ်နဲ့ နှိမ်နင်းခဲ့တာကြောင့် လူပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတာပါ။
နိုင်ငံရဲ့တောင်ပိုင်း အယ်လ် ဟီရပ်ခ် (Al-Hirak) ရွာကို အတင်းဝင်ရောက်ခဲ့ပြီး ပစ်ခတ်လို့ လုံခြုံရေးတပ်တွေရဲ့ လက်ချက်နဲ့ လူ ၃ ဦး သေဆုံးပြီး တခြား အများအပြားလည်း ဒဏ်ရာရသွားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
တနင်္ဂနွေ အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဝင်ရောက်စီးနင်းမှုအတွင်း လူပေါင်း ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။