သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားတပ်ဖွဲ့တွေ လက်ချက်ကြောင့် လူအနည်းဆုံး ၂၄ ဦး သေဆုံး


ဆီးရီးယားတပ်ဖွဲ့တွေ လက်ချက်ကြောင့် လူအနည်းဆုံး ၂၄ ဦး သေဆုံး
ဆီးရီးယားတပ်ဖွဲ့တွေ လက်ချက်ကြောင့် လူအနည်းဆုံး ၂၄ ဦး သေဆုံး

ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al-Assad) က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးနေတဲ့ တချိန်တည်းမှာပဲ ဆီးရီးယားမြို့ကြီး အတော်များများမှာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၂၄ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

မွတ်ဆလင်တွေရဲ့ ရာမာဒန် ဥပုသ် အခါတွင်း ပထမနေ့ညနေ ဝတ်ပြုပွဲအပြီး လူထုဆန္ဒပြပွဲတွေကို တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဟာမာ (Hama) မြို့မှာ တနင်္လာနေ့ညက တင့်ကားတွေပေါ်ကနေ ပစ်ခတ်ခဲ့ကြသလို စစ်သားတွေက စက်သေနတ်တွေနဲ့လည်း ဝတ်ပြုသူတွေကို ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဟာမာမြို့နဲ့ အနီးအနား ရွာတွေက လူ ၅၂ ဦး အပါအဝင် ဆီးရီးယားနိုင်ငံတဝန်း နှိပ်ကွပ်မှုတွေကြောင့် တနင်္လာနေ့ တနေ့တည်းမှာပဲ ၈၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆီးရီးယားအစိုးရက အရပ်သားတွေကို တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက် ချမှတ်ဖို့အတွက် ဒီကနေ့ ဆက်လက် ဆွေးနွေးဖို့ ရှိပါတယ်။

သမ္မတ အာဆတ်ရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မနေ့က အရေးပေါ် တံခါးပိတ် ဆွေးနွေးခဲ့ကြတာပါ။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုး မဟုတ်ဘဲ ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မျိုး သဘောသာ ချမှတ်မလား ဆိုတာကတော့ မသိရသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ ဆီးရီးယား အကြမ်းဖက် နှိပ်ကွပ်မှုကို ပြစ်တင် ရှုတ်ချလိုက်ပြီး အာဆတ် အစိုးရရဲ့ နှိပ်ကွပ်မှုအပေါ် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို လက်မခံလိုတဲ့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးကိုလည်း ပြန်လည်သုံးသပ် စဉ်းစားပေးကြဖို့အတွက် ပန်ကြားလိုက်ပါတယ်။

XS
SM
MD
LG