သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား သံချပ်ကာကားတွေ ဟားမားမြို့ ဝင်ရောက်စီးနင်း


ဆီးရီးယား သံချပ်ကာကားတွေ ဟားမားမြို့ ဝင်ရောက်စီးနင်း
ဆီးရီးယား သံချပ်ကာကားတွေ ဟားမားမြို့ ဝင်ရောက်စီးနင်း

ဆီးရီးယားနိုင်ငံက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရှိနေတဲ့ ဟားမား (Hama) မြို့မှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက နှိမ်နင်းမှုတွေ ဆက်ပြီး လုပ်နေတုန်းပဲလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

သံချပ်ကာ တင့်ကားတွေဟာ ဟားမားမြို့ထဲကို ဒီနေ့ ဝင်ရောက်လာခဲ့ပြီး ပေါက်ကွဲမှုတွေလည်း ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဆက်သွယ်ရေးတွေလည်း ဟားမားမြို့ထဲမှာ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ထိခိုက် ပျက်စီးမှုတွေအကြောင်း ဘာသတင်းမှ ထွက်ပေါ်မလာသေးပါဘူး။

ဟားမားမြို့လယ်ခေါင်မှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက သမ္မတ အာဆတ် (Bashar al-Assad) ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။

အခု ၃ ရက်အတွင်းမှာပဲ ဆီးရီးယားနိုင်ငံတဝန်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရသူ ၁၃၀ ကျော်သွားခဲ့ပါပြီ။ အသေအပျောက် အများဆုံးကတော့ ဟားမားမြို့မှာ ဖြစ်ပါတယ်။

အာဏာပိုင်တွေဘက်က နှိမ်နင်းမှုတွေ ဆက်ပြီးတော့ ရှိနေတဲ့ ကြားကပဲ ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ ဆီးရီးယားနိုင်ငံ တဝန်းမှာ ဆက်ပြီး ဖြစ်ပေါ်နေတာပါ။

ဆီးရီးယားအရေး ဆွေးနွေးကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ဒီနေ့ တတိယနေ့အဖြစ် ဆက်ပြီး ပြောဆိုကြပါလိမ့်ဦးမယ်။ ဆီးရီးယား အစိုးရရဲ့ နှိပ်ကွပ်မှုတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ ကိစ္စတွေကို သူတို့ ဆွေးနွေးကြမှာပါ။

အမေရိကန်က အားပေး ထောက်ခံမှုတွေ ရှိနေတဲ့ ဥရောပနိုင်ငံတွေရဲ့ အဆိုတင်သွင်းမှု မူကြမ်းမှာ လုံခြုံရေးကောင်စီက ဆီးရီးယားနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်တခု ချမှတ်ရေး တိုက်တွန်းထားပါတယ်။

အဲဒီဆုံးဖြတ်ချက် မူကြမ်းမှာ ဆီးရီးယား အစိုးရက နိုင်ငံအတွင်းက မြို့တွေကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်နေတာကို ရပ်တန့်ဖို့၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့နဲ့ အစိုးရ ဆန့်ကျင်ရေးသမားတွေကို တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး ဖော်ထုတ်မှုတွေကို လုပ်ဖို့ တိုက်တွန်းထားပါတယ်။

ရုရှားနိုင်ငံဟာ ဆီးရီးယားနိုင်ငံရဲ့ ရေရှည် မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားက အကြမ်းဖက်မှုတွေကို ပြစ်တင် ရှုတ်ချမယ့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကိုတော့ သူ့အနေနဲ့ ကန့်ကွက် ဆန့်ကျင်မှာ မဟုတ်ဘူးလို့ မနေ့တုန်းကပဲ ပထမဆုံးအကြိမ် ရုရှားဘက်က ထုတ်ပြောပါတယ်။

ရုရှားဟာ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ သုံးစွဲခွင့်ရှိတဲ့ နိုင်ငံဖြစ်ပြီး ဆီးရီယားအရေးနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မယ့် ကိစ္စတွေမှာ တောက်လျှောက်ဆိုသလို ကန့်ကွက်ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ ဆီးရီးယား နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ ဝါရှင်တန်ဒီစီမှာ တနင်္လာနေ့တုန်းက တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG