သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား သမ္မတ ဆင်းပေးဖို့ အနောက်နိုင်ငံတွေ တောင်းဆို


ဆီးရီးယား သမ္မတ ဆင်းပေးဖို့ အနောက်နိုင်ငံတွေ တောင်းဆို
ဆီးရီးယား သမ္မတ ဆင်းပေးဖို့ အနောက်နိုင်ငံတွေ တောင်းဆို

နိုင်ငံရေး ဆန္ဒပြသူတွေကို အပြင်းအထန် ဖြိုခွဲ နှိမ်နင်းတဲ့အတွက် ဆီးရီးယား သမ္မတ ဘာရှား အယ်လ်-အာဆဒ် (Bashar al-Assad) နှုတ်ထွက်ပေးဖို့ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြား ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တောင်းဆိုနေကြပါတယ်။

မစ္စတာ အာဆဒ် နှုတ်ထွက်ဖို့ အချိန်ရောက်နေပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြာသပတေးနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ မစ္စတာ အာဆဒ် အစိုးရအပေါ် စီးပွားရေးအရ ဖယ်ထုတ် ကန့်သတ်ထားတာကို ပိုပြီး အားကောင်းစေဖို့အတွက် သာမန်ထက် ထူးခြားတဲ့ ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဖို့ အမိန့်တရပ်ကိုလည်း အမေရိကန် သမ္မတက ထုတ်ပြန်ခဲ့ပါတယ်။

သီးခြားဖြစ်စဉ် တခုမှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဆီးရီးယားနိုင်ငံမှာ စတင်ခဲ့ပြီဖြစ်ပြီး မစ္စတာ အာဆဒ်အတွက် ဒီလမ်းကြောင်းကနေ ဘေးထွက်ပေးဖို့ အချိန်ရောက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ကလည်း ဒီတောင်းဆိုချက်ကို ပဲ့တင်ထပ်ပြီး ဆီးရီးယားလူထုရဲ့ အမြင်မှာ မစ္စတာ အာဆဒ်ဟာ လုံး၀ တရားဝင်မှု မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ကနေဒါ နိုင်ငံတွေကလည်း မစ္စတာ အာဆဒ် နှုတ်ထွက်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဆီးရီးယား ခေါင်းဆောင်ဘက်က တုံ့ပြန်ချက်တော့ ချက်ချင်း ထွက်မလာသေးပါဘူး။ ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံ ပြုပြင်ပြောင်းလဲရေးဟာ ပြည်ပဖိအားကြောင့်တော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ အာဏာရ ဘာ့သ်ပါတီဝင်တွေကို မစ္စတာ အာဆဒ်က ပြောခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနတွေက ပြောပါတယ်။

XS
SM
MD
LG