သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် ပိုပြင်းထန်တဲ့ ပိတ်ဆို့မှု ချမှတ်ဖို့ အမေရိကန်နဲ့ ဗြိတိန် တောင်းဆို


ဆီးရီးယားအပေါ် ပိုပြင်းထန်တဲ့ ပိတ်ဆို့မှု ချမှတ်ဖို့ အမေရိကန်နဲ့ ဗြိတိန် တောင်းဆို
ဆီးရီးယားအပေါ် ပိုပြင်းထန်တဲ့ ပိတ်ဆို့မှု ချမှတ်ဖို့ အမေရိကန်နဲ့ ဗြိတိန် တောင်းဆို

ဆီးရီးယားနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုမှုတွေကို အစိုးရဘက်က အကြမ်းဖက် နှိမ်နင်းနေတာတွေ ရပ်တန့်အောင် ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆာ့ဒ် (Bashar al-Assad) ကို နိုင်ငံတကာက ပိုပြီး ထိရောက် ပြင်းထန်တဲ့ ဖိအားတွေ ဝိုင်းပေးကြဖို့ အမေရိကန်နဲ့ ဗြိတိန်က တောင်းဆိုလိုက်ပါတယ်။

ဆီးရီးယား သမ္မတ အာဆာ့ဒ် အာဏာကနေ ဆင်းပေးဖို့ကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြင်သစ်နိုင်ငံမှာ မနေ့တုန်းကပဲ နောက်တကြိမ် ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။

ဆီးရီးယားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဆိုင်ရာ ကိစ္စတွေကို ပိတ်ဆို့ အရေးယူရေး ဆွေးနွေးကြဖို့ EU ဥရောပသမဂ္ဂ အရာရှိတွေ ပြင်ဆင်နေကြပြီလို့လည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်ဂ် (William Hague) က ပြောပါတယ်။

ဒီသီတင်းပတ်နှောင်းပိုင်း ပိုလန်နိုင်ငံမှာ ကျင်းပမယ့် EU ဥရောပသမဂ္ဂ အရာရှိတွေရဲ့ အစည်းအဝေးမှာ နိုင်ငံ ၂၇ နိုင်ငံက ဆီးရီးယားရဲ့ ရေနံတွေကို မဝယ်ယူရေး သဘောတူကြလိမ့်မယ်ဆိုတာ တကယ်ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်ဂ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ ပြောခဲ့တာပါ။

အခုသီတင်းပတ်တွေ အတွင်းမှာပဲ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက ဆီးရီးယားနိုင်ငံကို အရေးယူ ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် လုပ်လာခဲ့ပြီး ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆာ့ဒ်ကိုလည်း အာဏာကနေ ဆင်းပေးဖို့နဲ့ နိုင်ငံတကာရဲ့ မေတ္တာရပ်ခံနေတာတွေကို ဂရုမစိုက်ဘဲ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းနေတာတွေ ရပ်တန့်ဖို့ တောင်းဆိုထားကြပါတယ်။

ဆန္ဒပြမှုတွေ အပြင်းအထန် ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံ အလယ်ပိုင်းက ဟားမား (Hama) မြို့မှာ သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေကို မကြာခင်ကပဲ အကြီးအကျယ် လုပ်ခဲ့တာတွေကြောင့် ရာထူးကနေ နှုတ်ထွက်လိုက်ပြီလို့ ဟားမားမြို့ရဲ့ တရားသူကြီးချုပ်က ဗွီဒီယိုကနေတဆင့် မနေ့က ပြောပါတယ်။

XS
SM
MD
LG