သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား လူထုအုံကြွမှုအတွင်း လူ ၂,၆၀၀ ထက်မနည်း သေဆုံး


ဆီးရီးယား လူထုအုံကြွမှုအတွင်း လူ ၂,၆၀၀ ထက်မနည်း သေဆုံး

ဆီးရီးယားနိုင်ငံမှာ မတ်လလယ်ကတည်းက ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ အရေအတွက်ဟာ ၂,၆၀၀ ထက်မနည်း ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

တနင်္လာနေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မိန့်ခွန်းပြောကြားရာမှာ ကော်မရှင်နာမင်းကြီး နာဗီ ပီလေး (Navi Pillay) က အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုလိုက်တာပါ။

အတိုက်အခံ လှုပ်ရှားသူတွေကို အစိုးရက ကြမ်းကြမ်းတမ်းတမ်း စတင်နှိမ်နင်းခဲ့ရာက လူပေါင်း ၂,၂၀၀ လောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂရဲ့ သြဂုတ်လ ခန့်မှန်းချက်ထက်စာရင် ဒါဟာ သိသိသာသာ တိုးလာတဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ်ဒ် (Bashar al-Assad) ရဲ့ လက်ထောက်ဖြစ်သူကတော့ ၁,၄၀၀ လောက်သာ သေဆုံးတယ်ဆိုပြီး ချက်ချင်းလိုလို တုံ့ပြန်ခဲ့တာပါ။

သေဆုံးသူတွေထဲမှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင် အရေအတွက်က ၇၀၀၊ တက်ကြွလှုပ်ရှားသူတွေက ၇၀၀ စီ ဖြစ်တယ်လို့လည်း အစိုးရ ပြောခွင့်ရသူ ဘိုသာအီနာ ရှာဘန်း (Bouthaina Shaaban) က ပြောပါတယ်။

ဒီအတောအတွင်း ထင်ရှားတဲ့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူ ဂီယတ်သ် မတ်တာ (Ghiyath Mattar) လုံခြုံရေး တပ်ဖွဲ့တွေ ဖမ်းဆီးထားစဉ်မှာ သေဆုံးသွားတဲ့အတွက် အမေရိကန် ပြည်ထောင်စုက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဆီးရီးယား အစိုးရရဲ့ လူမဆန်တဲ့ အကြမ်းဖက် လုပ်ရပ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ပြစ်တင် ပြောဆိုလိုက်ပြီး သမ္မတ အာဆတ်ဒ် ရာထူးက ဆင်းပေးဖို့အတွက်လည်း ထပ်မံ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG