ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ် (Bashar al-Assad) ရဲ့ အတိုက်အခံ အဖြစ်နဲ့ ညီညွတ်တဲ့ တပ်ပေါင်းစု အနေနဲ့ ရပ်တည်နိုင်မယ့် အမျိုးသားကောင်စီ တရပ်ကို ဖွဲ့စည်းလိုက်နိုင်ပြီလို့ ဆီးရီးယား အတိုက်အခံ အဖွဲ့ဝင်တွေက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘာရှားကို ဆန့်ကျင် ဆန္ဒပြမှုတွေ စခဲ့တာ ၆ လပြည့်တဲ့ အချိန်မှာ အတိုက်အခံ အဖွဲ့ဝင်တွေဟာ အစ္စတန်ဘူလ် (Istanbul) မြို့မှာ စုဝေးကြပြီး အဖွဲ့သား ၁၄၀ ပါဝင်တဲ့ အမျိုးသားကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာပါ။
အတိုက်အခံ အဖွဲ့ဝင်တွေရဲ့ ထက်ဝက်လောက်ဟာ ပြည်တွင်းမှာ ရှိပေမဲ့ ကျန်ထက်ဝက်က ပြည်ပကနေ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောကြားခဲ့ပေမဲ့ ဒီအဖွဲ့ဟာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လိုအပ်သလို အမျိုးသားကောင်စီဟာလည်း စိန်ခေါ်မှုတွေ အများအပြားကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ဆီးရီးယားမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေကို ဆီးရီးယားက အမြန်ဆုံး ပြန်ပြီး ထွက်ခွာဖို့ တိုက်တွန်းလိုက်ပြီး ဆီးရီးယားကို ခရီးသွားလာခွင့် သတိပေးချက်လည်း ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ဟာ ပြန်လည် ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကတိပေးချက်တွေကို ချိုးဖောက်နေတာမို့ ရပ်တန်းကရပ်ဖို့ တန်ပြီလို့ ဆိုပါတယ်။
ဆီးရီးယားရဲ့ နယ်စပ်ဒေသ တလျှောက်လုံးမှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားက အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။ တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၂ လလောက်က ဆီးရီးယားစစ်တပ်က အကြီးတန်း အရာရှိကြီး တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ဟူစိန် အယ်လ် ဟာမွတ်ရှ် (Hussein al-Harmoush) ဟာ တူရကီနိုင်ငံကို ထွက်ပြေးပြီး ခိုလှုံခဲ့တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်ကြောင်း ဆီးရီးယား အစိုးရ သတင်းဌာန SANA က ကြေညာခဲ့ပါတယ်။