သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့တပတ်ထဲ အပစ်ရပ်ဖို့ ဆီးရီးယား အစိုးရသဘောတူ

ဆီးရီးယား နိုင်ငံက အတိုက်အခံ ဆန္ဒပြပွဲတွေရှိရာ အချက်အခြာ ဒေသတွေကနေ လုံခြုံရေးတပ်တွေ အားလုံးကို ဒီလ ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ သမ္မတ ဘာရှားအယ် အာဆတ် (Bashar al-Assad) က သဘောတူလိုက်ပြီလို့ နိုင်ငံတကာ ငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန် (Kofi Annan) က ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရောက်နေတဲ့ ငြိမ်းချမ်းရေး သံကိုယ်စားလှယ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဗွီဒီယိုကနေတဆင့် တနင်္လာနေ့က အစီရင်ခံရာမှာ သဘောတူညီချက် ရရှိခဲ့တဲ့အကြောင်း ပြောလိုက်တာပါ။

လူဦးရေ ထူထပ်ရာ ဒေသတွေက တပ်တွေရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့၊ ရှိနေပြီးသား တပ်တွေနဲ့ လက်နက်ကြီး တွေကိုလည်း စတင်ရုပ်သိမ်းဖို့တွေ အပါအဝင် ချက်ခြင်း စတင်ဆောင်ရွက်ရမယ့် အစီအစဉ်တွေ ပါဝင်တယ် လို့လည်း ငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန် (Kofi Annan) ကို ကိုးကားပြီး သံတမန်တွေက ပြောခဲ့ကြပါတယ်။ သဘောတူညီချက်ထဲမှာတော့ တပ်တွေ ရုပ်သိမ်းတဲ့ အစီအစဉ်ကို ရှေ့လာမယ့် အင်္ဂါနေ့ နောက်ဆုံးထား ဆောင်ရွက်ဖို့ သမ္မတကို တောင်းဆိုထားသလို၊ ဆီးရီးယား အတိုက်အခံ သူပုန်တပ်ဖွဲ့တွေ အနေနဲ့လည်း သတ်မှတ်ချိန် ကျော်လွန်ပြီး ၄၈ နာရီအတွင်း အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို လိုက်နာဖို့တွေ ပါဝင်တယ်လို့ အထူးကိုယ်စားလှယ်ရဲ့ ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဆန်ရိုက်စ် (Susan Rice) ကတော့ နောက်ဆုံး သတ်မှတ်ချိန်အမှီ အစိုးရက လုပ်မလုပ် အပေါ်မှာ သံသယရှိတဲ့အကြောင်း ပြောခဲ့တာပါ။ ဆီးရီးယား သမ္မတ အာဆတ် ဟာ အရင်ကလည်း ကတိတွေ အကြိမ်ကြိမ် ချိုးဖောက်ပြီး သွေးထွက်သံယို နှိမ်နင်းမှုတွေ လုပ်ခဲ့ဖူးတယ်လို့ အမေရိကန်သံတမန် ရိုက်စ် (Rice) ကပြောပါတယ်။ အခုရရှိခဲ့တဲ့ သဘောတူညီချက်ကိုတော့ ပြီးခဲ့တဲ့လထဲမှာပဲ နိုင်ငံတကာ ငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန် (Kofi Annan) က အဆိုပြုခဲ့တာဖြစ်ပြီး နောက်ပိုင်း လုံခြုံရေး ကောင်စီက ကြေညာချက် တစောင် ထုတ်ပြန် အတည်ပြုပေးထားတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG