ဆီးရီးယားနိုင်ငံက ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေအတွက် အစားအစာနဲ့ ဆေးဝါးပို့ဆောင်ဖို့ယာဉ်တန်း ဒီကနေ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒီဒုက္ခသည်တွေ အတွက် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ရာလမ်းကြောင်းကို ဆီးရီးယားအစိုးရနဲ့ သူပုန်တွေက ပိတ်ဆို့ထားတာပါ။ ကုလသမဂ္ဂနဲ့ ဆီးရီးယားအစိုးရကြား သဘောတူညီမှုနဲ့ ဒမတ်စကတ်မြို့တော်နားက Madaya နဲ့ Zabadani, မြောက်ပိုင်းဒေသ Idlib က Foua နဲ့ Kefraya အပါအ၀င် နေရာ ၇ ခုကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်တာပါ။
ဒီလိုပို့ဆောင်မှုဟာ ကုလသမဂ္ဂအနေနဲ့ လူသားချင်း စာနာမှု အကူအညီ ပေးနိုင်အောင် ဆီးရီးယား အစိုးရအနေနဲ့ ဘယ်လောက် ပံ့ပိုးပေးနိုင်မလဲ ဆိုတာကို စမ်းသပ်တာဖြစ်တယ်လို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် Staffan de Mistura က ဒမတ်စကတ်က ဆွေးနွေးပွဲအပြီး မနေ့တုန်းက ပြောပါတယ်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကိုယ့်လူထုကို ကူညီဖို့အတွက် ဘယ်သူ ကမှ လာသတိပေးတာကို စောင့်နေမှာမဟုတ်ဘူးလို့ ဒီကနေ့တုန့်ပြန်ပြောဆိုပါတယ်။