သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်အကဲခတ်အဖွဲ့ ဆီးရီးယားကထွက်ခွာဖို့ အကြံပေးအဖွဲ့ တောင်းဆို


အာရပ်အကဲခတ်အဖွဲ့ ဆီးရီးယားကထွက်ခွာဖို့ အကြံပေးအဖွဲ့ တောင်းဆို
အာရပ်အကဲခတ်အဖွဲ့ ဆီးရီးယားကထွက်ခွာဖို့ အကြံပေးအဖွဲ့ တောင်းဆို

ဆီးရီးယားနိုင်ငံထဲမှာ ရောက်နေတဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်ရဲ့ စောင့်ကြည့် လေ့လာရေးအဖွဲ့ကို ချက်ချင်းပြန်လာဖို့ အာရပ်အဖွဲ့ချုပ် အကြံပေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းမှာ အစိုးရတပ်ဖွဲ့တွေက အရပ်သူ အရပ်သားတွေကို သတ်ဖြတ်နေတာနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ရဲ့ စောင့်ကြည့် လေ့လာရေးအဖွဲ့က ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာကြောင့် ပြန်လာဖို့ အခုလို တိုက်တွန်းတာလို့ ဆိုပါတယ်။

ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ်ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် စနေနေ့တုန်းက လူ ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆီးရီးယားအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ စနေနေ့တုန်းကပဲ ဆီးရီးယားနိုင်ငံက အကြီးဆုံး အတိုက်အခံအုပ်စုကြီး နှစ်ခုက သမ္မတ အာဆဒ်အစိုးရ ကျဆုံးပြီး ဆီးရီးယားမှာ ဒီမိုကရေစီထွန်းကားအောင် လုပ်ကြမယ်လို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ အာရပ်လွှတ်တော်ရဲ့ သဘာပတိ အလီ အယ်လ် စလင်း အယ်လ် ဒီးဘတ်စ်က ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေပြီး ကလေးငယ်တွေအပါအဝင် တော်တော်များများ အကြမ်းဖက်မှုတွေရဲ့ဒဏ်ကို ခံနေရတယ်လို့ ပြောပါတယ်။ သေဆုံးမှုတွေဆက်ပြီး ဖြစ်ပွားနေလို့ ဆီးရီးယားကိုစေလွှတ်ထားတဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ချက်ချင်းပြန်ခေါ်သင့်တယ်လို့လည်း အာရပ်လွှတ်တော် သဘာပတိက ပြောပါတယ်။ အဲဒီအဖွဲ့ကို ဆီးရီးယားမှာဖြစ်ပွားနေတဲ့ အစိုးရဘက်က နှိမ်နင်းမှုတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်လေ့လာဖို့ အာရပ်အဖွဲ့ချုပ်က စေလွှတ်ထားတာပါ။

ပြီးခဲ့တဲ့နှစ် မတ်လကတည်းက စတင်ခဲ့တဲ့ ဆီးရီးယား အစိုးရဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုတွေအတွင်း အစိုးရဘက်က ချေမှုန်းမှုတွေကြောင့် သေဆုံးခဲ့ရသူပေါင်း ၅,၀၀၀ ကျော်ပြီလို့ ကုလသမဂ္ဂက ခန့်မှန်း ထားပါတယ်။ ဆီးရီးယားအစိုးရကတော့ လက်နက်ကိုင် အကြမ်းဖက်သမားတွေက ဆူပူအုံကြွမှုဖြစ်အောင် လုပ်နေတာလို့ ဆိုပါတယ်။

အာရပ်နိုင်ငံများအဖွဲ့ချုပ်က နောက်ထပ် လေ့လာရေးအဖွဲ့တစ်ခုကို အခုတစ်ပတ်ထဲမှာ ဆီးရီးယားကို ထပ်ပြီး လွှတ်ဖို့ စီစဉ်ထားတာပါ။ ဆီးရီးယားအစိုးရရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတကာကလည်း ဖိအားတွေ တိုးပြီးပေးနေပါတယ်။

XS
SM
MD
LG