သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး စောင့်ကြည့်မှုအဖွဲ့ ခေါင်းဆောင် နုတ်ထွက်


ဆီးရီးယားအရေး စောင့်ကြည့်မှုအဖွဲ့ ခေါင်းဆောင် နုတ်ထွက်

အာရပ်အဖွဲ့ချုပ်က စေလွှတ်ထားတဲ့ ဆီးရီးယားနိုင်ငံ အခြေအနေ စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဆူဒန်နိုင်ငံက ဗိုလ်ချုပ်ကြီး Mohammed al-Dabi ရဲ့ နုတ်ထွက်လွှာကို လက်ခံလိုက်ပြီးတော့ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Abdel Elah al-Khatib ကို ဒီအဖွဲ့ရဲ့ ခေါင်းဆောင်နေရာမှာ အစားထိုး ခန့်အပ်ဖို့ အဖွဲ့ဝင် ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကိုင်ရိုမြို့တော်မှာ ဒီကနေ့ကျင်းပမယ့် ဆွေးနွေးပွဲမှာ စဉ်းစားကြမယ်လို့ အာရပ်အဖွဲ့ချုပ်ရဲ့ အရာရှိတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

လက်ဘနွန်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးသံတမန် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ Mr. al-Khatib ကို ဆီးရီးယားအရေး စောင့်ကြည့်လေ့လာရေး အတွက် အသစ်ပြန်လည် ဖွဲ့စည်းမယ့် ညီညွတ်သော အာရပ်နိုင်ငံများ ပူးတွဲအဖွဲ့မှာ ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ အာရပ်အဖွဲ့ချုပ်ဥက္ကဋ္ဌ Nabil Elaraby ကိုယ်တိုင် ဒီကနေ့ ကိုင်ရိုမြို့က အစည်းအဝေးမှာ အဆိုတင်သွင်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တူရကီနိုင်ငံ Istanbul မြို့မှာ အခြေစိုက်တဲ့ ဆီးရီးယား အတိုက်အခံတွေရဲ့ ဆီးရီးယားအမျိုးသားကောင်စီကို အာရပ်အဖွဲ့ချုပ်က အသိအမှတ်ပြုရေးကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးကြမှာပါ။

ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရက ၁၁ လ ကြာမြင့်နေပြီ ဖြစ်တဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို ရပ်စဲပေးဖို့ ငြင်းဆန်နေတာကို ကန့်ကွက်တဲ့အနေနဲ့ ပါရှန်ပင်လယ်ကွေ့ နိုင်ငံများအဖွဲ့က ဆီးရီးယားကို စေလွှတ်ထားတဲ့ သူတို့ရဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့ကို ပြန်ပြီး ရုပ်သိမ်းခဲ့ပါတယ်။ မနေ့က စနေနေ့မှာ အတိုက်အခံတွေ အားကောင်းရာ ဆီးရီးယားအလယ်ပိုင်းက ဟုမ်းစ် မြို့မှာ အစိုးရတပ်တွေရဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားခဲ့ရပါတယ်။

XS
SM
MD
LG