သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလထိန်းသိမ်းရေးတပ် ဆီးရီးယား စေလွှတ်ဖို့ အာရပ်အဖွဲ့ချုပ် တောင်းဆို


ကုလထိန်းသိမ်းရေးတပ် ဆီးရီးယား စေလွှတ်ဖို့ အာရပ်အဖွဲ့ချုပ် တောင်းဆို
ကုလထိန်းသိမ်းရေးတပ် ဆီးရီးယား စေလွှတ်ဖို့ အာရပ်အဖွဲ့ချုပ် တောင်းဆို

အာရပ်အဖွဲ့ချုပ်ဟာ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းသွားစေရေး ထပ်မံ ကြိုးပမ်းနေရာမှာ ဆီးရီးယား အတိုက်အခံအဖွဲ့နဲ့ အဆက်အသွယ် ပြုလုပ်ဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုလည်း ဆီးရီးယားနိုင်ငံကို စေလွှတ်ဖို့အတွက် ပူးတွဲ ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖွဲ့စည်းဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီအာရပ်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဆီးရီးယား အစိုးရက ချက်ချင်းပယ်ချလိုက်ပါတယ်။

ထောင်နဲ့ချီတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့မှုကြောင့် ဆီးရီးယားကို အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲထားခဲ့တဲ့ ၂၂ ဦးပါ အာရပ်အဖွဲ့ချုပ်က ဝန်ကြီးတွေဟာ ကိုင်ရိုမြို့မှာ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အငြင်းပွားစရာ ဖြစ်နေတဲ့ ဆီးရီးယားကို စေလွှတ်တဲ့ အဖွဲ့ချုပ်ရဲ့ လေ့လာ အကဲခတ်အဖွဲ့ကို ရပ်တန့်လိုက်ဖို့ ကြေညာလိုက်ပါတယ်။

နောက်ပြီး အဖွဲ့ချုပ်ဟာ ဆီးရီးယား အတိုက်အခံနဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်လှစ်ပြီး အပြည့်အ၀ နိုင်ငံရေးနဲ့ ငွေရေးကြေးရေး အကူအညီပေးဖို့ ကမ်းလှမ်းမယ်လို့ ပြောဆိုလိုက်ပါတယ်။

သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့ ဆီးရီးယားနိုင်ငံက အတိုက်အခံတွေကိုလည်း ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ တူနီးရှားနိုင်ငံမှာ ကျင်းပမယ့် ဆီးရီးယား မိတ်ဆွေများ အစည်းအဝေး မတိုင်ခင် ညီညွတ်မှုရအောင် လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ တူနီးရှားနိုင်ငံက အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေ တက်ရောက်ပြီး ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်နိုင်ရေး ဆွေးနွေးကြဖို့ရှိပါတယ်။

သူတို့နိုင်ငံတွေမှာရှိနေတဲ့ ဆီးရီးယား သံအမတ်တွေကို နှင်ထုတ်ဖို့ ကိစ္စကိုလည်း အာရပ်အဖွဲ့ချုပ် ဝန်ကြီးတွေ စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာ အသုံးပြု ပယ်ချလိုက်တာ ခံခဲ့ရပြီးတဲ့နောက် အာရပ်အဖွဲ့ချုပ် အဖွဲ့ဝင် ဝန်ကြီးတွေဟာ တနင်္ဂနွေနေ့ တနေ့လုံး တွေ့ဆုံပြီးတော့ အစည်းအဝေး ထိုင်ခဲ့ကြပါတယ်။

XS
SM
MD
LG