သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဆူပူမှု ပြည်ပသတင်းသမားတွေ သေဆုံး ထိခိုက်


ဆီးရီးယား ဆူပူမှု ပြည်ပသတင်းသမားတွေ သေဆုံး ထိခိုက်
ဆီးရီးယား ဆူပူမှု ပြည်ပသတင်းသမားတွေ သေဆုံး ထိခိုက်

ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆဒ် (Bashar al-Assad) ကို ဗုဒ္ဓဟူးနေ့က ရှားရှားပါးပါး လူထုရှေ့မှာ တွေ့လိုက်ရပါတယ်။ ၁၀ လကြာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်က လျှို့ဝှက် ပူးပေါင်းကြံစည်မှုတွေကို ဆီးရီးယား အစိုးရအနေနဲ့ အနိုင်ယူသွားမယ်လို့ သမ္မတ ဘာရှား အယ်လ် အာဆဒ် က ဒမတ်စကဒ်မြို့မှာ သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာရှေ့မှာ ပြောဆို သွားခဲ့တာပါ။

သာမန်အဝတ်အစားကို ဝတ်ဆင်ထားပြီး လုံခြုံရေး အစောင့်အကျပ်တွေ ဝန်းရံပေးထားတဲ့ နေရာကနေ မစ္စတာ အာဆဒ်က သူ့ကိုထောက်ခံသူတွေ အခုလို စုရုံးမှုကနေ ခွန်အားတွေ ဖြစ်စေတယ်လို့ လူအုပ်ကြီးကို သူက ပြောခဲ့ပါတယ်။ သူ့ရဲ့ ၁၁ နှစ်ကြာ အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင် တော်လှန်သူတွေကို အကြမ်းဖက် သမားတွေလို့ ဆိုပြီး ဒီလူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမယ်လို့ ရုပ်မြင်သံကြားကနေ မိန့်ခွန်း ပြောဆိုခဲ့ပြီးတဲ့ နောက်တစ်နေ့မှာပဲ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ အာဆဒ်ရဲ့ မိန့်ခွန်းဟာ အဆိုးမြင်လွန်းတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) က ပြောဆိုပါတယ်။ သူ တာဝန်ယူရမယ့်ကိစ္စကို တာဝန်မယူဘဲ ဆင်ခြေတွေပေးပြီး နိုင်ငံခြား တိုင်းပြည်တွေကို အပြစ်ဖို့၊ လျှို့ဝှက်ကြံစည်မှုတွေ လုပ်နေတာဖြစ်တယ်လို့လည်း ဝါရှင်တန်မှာ သတင်းထောက်တွေကို မစ္စ ကလင်တန်က ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ဗုဒ္ဓဟူးနေ့အထိ ဆက်ဖြစ်နေသလို ထိခိုက် သေဆုံးမှုတွေလည်း ထပ်ပြီးဖြစ်ခဲ့ပါတယ်။ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွေ အဓိက ဖြစ်ပွားနေတဲ့ ဟုမ်းစ် (Homs) မြို့ကိုသွားတဲ့ လမ်းခရီးမှာ ပြင်သစ် ရုပ်မြင်သံကြား သတင်းထောက် တစ်ဦး သေဆုံးခဲ့သလို နောက်ထပ် အနည်းဆုံး နိုင်ငံခြား သတင်းထောက်တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

အစိုးရ တင့်ကားတွေရဲ့ ပစ်ခတ်မှုက သတင်းထောက်အဖွဲ့တွေကို ထိမှန်ပြီး ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး Alain Juppe က အခုတိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်ရာ လုပ်ရပ်ပဲလို့ ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

တချိန်တည်းမှာပဲ ဒမတ်စကဒ် မြို့တော်မှာရှိတဲ့ အမေရိကန် သံရုံး ဝန်ထမ်းတွေကို လျော့ချသွားဖို့နဲ့ နောက် ဆီးရီးယားမှာ ခရီးသွားလာမှုတွေကို ရှောင်ရှားဖို့၊ လက်ရှိ သွားလာမှုတွေ ရှိနေရင်လည်း နိုင်ငံအတွင်းကနေ အမြန်ဆုံး ထွက်ခွာဖို့ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့တုန်းက ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေ အဆုံးသတ်ဖို့ ဆီးရီးယား နယ်စပ် တူရကီနိုင်ငံမှာ ကမ္ဘာတဝှမ်းက တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG