ဇန်နဝါရီလ ၆ ရက် သောကြာနေ့မှာ ဆီးရီးယားနိုင်ငံ ဒမာ့စကက်မြို့တော်က လူစည်ကားရာ လမ်းဆုံလမ်းခွ တစ်ခုမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၅ ဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ ဒမားစကက် မြို့လယ်ခေါင်က မီတန် ရပ်ကွက်က ကျောင်းတစ်ကျောင်းနဲ့ ရဲစခန်းတစ်ခုအနီးမှာ အသေခံဗုံးခွဲသမားက ဗုံးကိုခွဲသွားခဲ့တာလို့ ဆီးရီးယားအစိုးရ မီဒီယာက ကြေညာပါတယ်။
ရဲတွေကို တင်ဆောင်လာတဲ့ ဘက်စ်ကားကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ ဒီဗုံးပေါက်ကွဲမှုဟာ လမ်းပေါ်မှာ လူသေအလောင်းတွေ၊ ယာဉ်အပျက်အစီးတွေပါ ရှိနေပြီးတော့ လူတွေ အော်ဟစ်ပြေးလွှား နေကြတာတွေကို အစိုးရရဲ့ ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။ တိုက်ခိုက်မှုကို စီစဉ်ခဲ့မှုနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အတိုက်အခံတို့ တစ်ဦးနဲ့တစ်ဦး အပြစ်ပုံချ စွပ်စွဲနေကြပါတယ်။
ဆီးရီးယား အစိုးရစစ်တပ်က ပုန်ကန်ခွဲထွက်လာသူတွေရဲ့ လွတ်လပ်သော ဆီးရီးယား တပ်မတော်အဖွဲ့ ခေါင်းဆောင်တစ်ဦးကတော့ အစိုးရက အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ စီစဉ်တဲ့သမိုင်းတွေ တပုံကြီး ရှိခဲ့တယ်လို့ အယ်လ်အာရေးဗျ ရုပ်မြင်သံကြားဌာနကို ပြောဆိုခဲ့ပါတယ်။