သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီရီးယား အသေခံဗုံးခွဲမှုကြောင့် လူ ၄၀ ကျော်သေဆုံး


Damascus မြို့ ကားဗုံးထောင်ဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့်နေရာကို အာရပ်နိုင်ငံများအဖွဲ့ချုပ်မှ အရာရှိများ လာရောက် စစ်ဆေးကြည့်ရှုနေစဉ်။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၁)
Damascus မြို့ ကားဗုံးထောင်ဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့်နေရာကို အာရပ်နိုင်ငံများအဖွဲ့ချုပ်မှ အရာရှိများ လာရောက် စစ်ဆေးကြည့်ရှုနေစဉ်။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၁)

ဆီးရီးယားနိုင်ငံမြို့တော် ဒမားစကက်စ် (Damascus) မှာ မနေ့တုန်းက အသေခံဗုံးခွဲမှု နှစ်ခုကြောင့် သေဆုံးသူ ၄၄ ဦးထက်မနည်း ရှိခဲ့ပြီး လူ ၁၅၀ လောက် ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဆီးရီးယား အရာရှိတွေက ပြောပါတယ်။ ဆီးရီးယားအစိုးရပိုင် ရုပ်မြင်သံကြားရဲ့ သတင်းတွေထဲမှာတော့ ဗုံးခွဲသမားနှစ်ဦးဟာ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အဆောက်အဦးတွေကို တိုက်ခိုက်ဖို့ မော်တော်ယာဉ်တွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်ထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အစိုးရပိုင် ဆာနားသတင်းဌာနကလည်း ဗုံးဒဏ်ခံခဲ့ရသူတွေရဲ့ ဓါတ်ပုံတွေ ဖော်ပြခဲ့ပြီး ဒီလုပ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေလို့ ဆိုပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုတွေကို ဆန့်ကျင်ဆန္ဒပြကြဖို့ မြို့တော် ဒမားစကက်စ်နဲ့ တခြားမြို့ကြီးတွေမှာ ဆီးရီးယားပြည်သူတွေ စုဝေးခဲ့ကြတယ်လို့လည်း အစိုးရပိုင် သတင်းဌာနက ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူတွေ ပြောတာကတော့ ပေါက်ကွဲမှုတွေအပြီးမှာ သေနတ် ပစ်ခတ်မှုတွေလည်း အကြီးအကျယ် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အယ်လ်ခိုင်းဒါး စစ်သွေးကြွတွေရဲ့ လက်ချက် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်း ဆီးရီးယားအရာရှိတွေက ပြောပါတယ်။ ဆီးရီးယား လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောတဲ့အထဲမှာ အခုဗုံးခွဲတိုက်ခိုက်မှုတွေဟာ အစိုးရက အရင်ကာလကတည်းက ပြောနေခဲ့သလို အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေရဲ့နောက်ကွယ်မှာ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်စပ်နေတယ် ဆိုတာကို သက်သေပြလိုက်တာပဲလို့ ဆိုပါတယ်။

ဆီးရီးယားအာဏာပိုင်တွေက အစိုးရဆန့်ကျင်ရေး သမားတွေကို အပြင်းအထန် နှိမ်နင်းနေတာနဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာဖို့ အာရပ်နိုင်ငံများ အဖွဲ့ချုပ်က ရှေ့ပြေးလေ့လာရေးအဖွဲ့တစ်ခု ဆီးရီးယားနိုင်ငံကို ရောက်လာပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။

XS
SM
MD
LG