သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားအပစ်အခတ်ရပ်စဲမှု နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် အခွင့်ကောင်းဟု ကန် ဝန်ကြီးဆို


ဆီးရီးယားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်ပြီး နာရီပိုင်းကြာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဒီအပစ်အခတ် ရပ်စဲမှုဟာ ငါးနှစ်ကြာ ပြည်တွင်းစစ်ကြောင့် ပြိုကွဲနေတဲ့ ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ နောက်ဆုံး အခွင့်အရေး ဖြစ်ကောင်းဖြစ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။

“သံသယတွေ အများအပြား ရှိနေတယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဒီသံသယတွေ အားလုံးအတွက် ကျနော် ရှင်းရှင်း လင်းလင်းပဲ ပြောချင်ပါတယ်။ လာမယ့်ရက်တွေအတွင်း စိန်ခေါ်မှုတွေ ရှိပါလိမ့်မယ်။ ဒါက ကျနော်တို့ မျှော်လင့်ထားပြီးသားပါ။ လူတိုင်း မျှော်လင့်ထားတဲ့ကိစ္စလို့ ထင်ပါတယ်။ စိန်ခေါ်မှုတွေရှိတဲ့တိုင်အောင် အောင်မြင်အောင်လုပ်နိုင်မယ့် အခွင့်အလမ်းလည်း ရှိနေပါတယ်။” - လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောသွားတာပါ။

မူစလင်တို့ရဲ့ ဘာသာရေးအရ အရေးကြီးတဲ့ Eid al-Adha အစ်ပွဲတော် စတင်ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တနင်္လာနေ့ နေဝင်ချိန်မှာ အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်တဲ့အကြောင်း ဆီးရီးယားစစ်တပ်က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပေမဲ့၊ လက်နက်ကိုင် အဖွဲ့တွေဘက်က ဒီသဘောတူညီချက်ကို ချိုးဖောက်လာရင်တော့ ပြန်လည် တုံ့ပြန်ခွင့် ရှိတယ်လို့လည်း ပြောဆိုပါတယ်။

ဒီသဘောတူညီချက် အရ Aleppo မြို့လို လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့ နေရာတွေကို အစားအစာနဲ့ ဆေးဝါးအကူအညီတွေ ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီအတောအတွင်း ဂိုလန်ကုန်းမြင့်ဒေသက ဆီးရီးယားနိုင်ငံ ဘက်ခြမ်းမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ဆီးရီးယားနဲ့ အစ္စရေးတို့ကြား ဒီကနေ့ ပြောဆိုချက်တွေက ကွဲလွဲနေပါတယ်။

အစ္စရေးစစ်လေယာဉ်နဲ့ ဒရုံးယာဉ်တစင်းကို ဆီးရီးယားကစစ်တပ်က ပစ်ချ ချေမှုန်းနိုင်ခဲ့တဲ့အကြောင်း ဆီးရီးယားအစိုးရသတင်း အေဂျင်စီ SANA က ကြေညာပါတယ်။ ဒါပေမဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဆီးရီးယားဘက်က မစ်ဇိုင်းဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပေမဲ့ သူတို့ရဲ့စစ်လေယာဉ် ထိခိုက်ခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG