သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမြို့တော်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်


ဆီးရီးယားမြို့တော်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်
ဆီးရီးယားမြို့တော်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်

ဆီးရီးယားမြို့တော် ဒမတ်စကက်စ်က ဈာပနအခမ်းအနားတစ်ခုမှာ ဆန္ဒပြသူတွေကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ အဲဒီပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်ဆိုပေမဲ့ ဘယ်နှစ်ဦးရှိသလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း လုပ်ခွင့်ပေးဖို့ အစိုးရဘက်ရော အတိုက်အခံ ဘက်ရော ဘက်ပေါင်းဆုံက ဝိုင်းလုပ်ကြဖို့ တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဇိုင်အီ ဂျွန်းက တိုက်တွန်းလိုက်ပါတယ်။ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆဒ် နဲ့ တရုတ်နိုင်ငံ ဒုနိုင်ငံခြားရေး ဝန်ကြီးတို့ မြို့တော် ဒမတ်စကက်စ်မှာ တွေ့ဆုံခဲ့ကြပြီး အခုလို ပြောခဲ့တာပါ။

မစ္စတာ ဇိုင်အီဂျွန်းက ဆီးရီးယားက အကြမ်းဖက်မှုတွေ အားလုံးကို ချက်ချင်း ရပ်တန့်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဆီးရီးယားမှာ အခြေခံ ဥပဒေသစ် ရေးဆွဲဖို့ လူထုဆန္ဒခံယူပွဲတွေ ပေါ်လာမယ်၊ လွှတ်တော် ရွေးကောက်ပွဲတွေလည်း အေးအေးချမ်းချမ်း ဖြစ်လာလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ဖြစ်ပွားနေခဲ့တဲ့ ဆီးရီးယားနိုင်ငံက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အစိုးရဘက်က နှိမ်နင်းမှုတွေကြောင့် လူပေါင်း ခြောက်ထောင်ကျော် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကရော ရုရှား နိုင်ငံဘက်ကပါ ဆီးရီးယားအစိုးရကို အပြစ်တင် ရှုတ်ချဖို့ ငြင်းဆန်နေခဲ့ကြတာပါ။

မနေ့တုန်းကလည်း ဆီးရီးယားနိုင်ငံ ဟုမ်းစ်မြို့က သူပုန်တွေရှိတဲ့နေရာကို အစိုးရတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။ ဆီးရီးယား အစိုးရက လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး အစိုးရ ဆန့်ကျင်သူတွေကို နှိမ်နင်းနေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အပြစ်တင်ရှုတ်ချလိုက်ပြီး နောက်တစ်ရက်မှာပဲ ဟုမ်းစ်မြို့မှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ မနေ့က ဖြစ်ပွားနေခဲ့တာပါ။ အစိုးရတပ်ဖွဲ့တွေဘက်က တင့်ကားတွေနဲ့ရော အမြောက်တွေနဲ့ပါ ပစ်ခတ်ခဲ့လို့ ဟုမ်းစ်မြို့က ရပ်ကွက်လေးခုကို ထိမှန်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG