သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားငြိမ်းချမ်းရေးညီလာခံ Assad ရှေ့ရေး သဘောထားကွဲ


ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေး ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ညီလာခံတရပ်ကို ဆွစ်ဇာလန်နိုင်ငံမှာ စတင် ကျင်းပနေပြီး နိုင်ငံပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad ရဲ့ နိုင်ငံရေးအနာဂတ်နဲ့ ပတ်သက်ပြီး ညီလာခံ ကိုယ်စားလှယ်တွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဒီညီလာခံဖြစ်မြောက်ရေးအတွက် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ကြရပြီး ကုလသမဂ္ဂရဲ့ ဦးဆောင်မှုအောက်မှာ ဆီးရီးယားက စစ်ဖြစ်နေတဲ့ ရန်ဘက်တွေ မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေး နေကြတာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ဆီးရီးယား စစ်ဖြစ်ရခြင်းအကြောင်းရင်းဟာ အစိုးရတပ်တွေက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အား အလွန်အကျွံသုံး နှိမ်နှင်းခဲ့တာကြောင့်လို့ ဒီကနေ့ အပြစ်တင် ဝေဖန်လိုက်ပါတယ်။

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Walid al-Moallem ကလည်း သူတို့ရဲ့ သမ္မတကို ဆီးရီးယား ပြည်သူတွေကသာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ဝန်ကြီး Kerry ကို ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ ဆီးရီးယားအရေးအတွက် အခြားနိုင်ငံတွေက ဝင်ရောက်ပြောဆိုဖို့ မသင့်ဘူးဆိုတဲ့ ရုရှားနိုင်ငံရဲ့ ရပ်တည်ချက်ကို ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ Montreux မြို့မှာ ကျင်းပနေတဲ့ ဆီးရီးယားငြိမ်းချမ်းရေး ညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဖွင့်လှစ်ပေးခဲ့ပြီး ဆီးရီးယား အကျပ်အတည်း အဖြေရှာရာမှာ တကယ့် ပြဿနာ စိန်ခေါ်မှုတွေရှိနေပေမဲ့ ဆီးရီးယားက သက်ဆိုင်သူတွေ ပါဝင်ဆွေးနွေးနေတာကြောင့် မျှော်လင့်ချက်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့တဲ့ ဆီးရီးယား လူထုအုံကြွမှုကို နှိမ်နှင်းခဲ့ရာက ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီး ၉ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
XS
SM
MD
LG