ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်ဖွဲ့တွေနဲ့အစိုးရတပ်ကနေ ခွဲထွက်လာတဲ့တပ်ဖွဲ့တွေကြား နိုင်ငံရဲ့ နေရာ တော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ တချိန်တည်းမှာ အစိုးရက မြူနီစီပယ်ရွေးကောက်ပွဲ ကျင်းပနေသလို တဘက်ကလည်း ဆန္ဒပြသူတွေကို ဖြိုခွင်းနေဆဲဖြစ်ပါတယ်။ နိုင်ငံရဲ့ နေရာအတော်များများမှာတော့ အထွေထွေသပိတ် ဆင်နွှဲနေကြပါတယ်။
တိုက်ပွဲတွေဟာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း Idlib ခရိုင်နဲ့ တောင်ပိုင်းမှာရှိတဲ့ ဒါရာခရိုင်တွေတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
နိုင်ငံအနှံ့ ၁၄ ခရိုင်မှာရှိတဲ့ ဒေသကောင်စီဝင်နေရာ ၁၇,၀၀၀ အတွက် ရွေးကောက်ပွဲ ကျင်းပနေတာဖြစ်ပြီး ပြည်သူလူထုကို မဲပေးကြဖို့ အစိုးရက နိုးဆော်နေပါတယ်။ အတိုက်အခံတွေကတော့ သမ္မတ ဘက်ရှာ အယ်လ်အာဆဒ် (Bashar al-Assad) အစိုးရ ကျင်းပတဲ့ရွေးကောက်ပွဲကို တရားဝင်အဖြစ် အသိအမှတ် မပြုပါဘူး။ ဒီအတောအတွင်း ဆီးရီးယားနိုင်ငံရဲ့ နေရာအတော်များများမှာ ဒုတိယနေ့အဖြစ် အထွေထွေ သပိတ်ကြီးကို ဆင်နွှဲနေကြပါတယ်။
မစ္စတာ အာဆဒ်ရဲ့ အာဏာသက်ရောက်မှု အဆုံးသတ်ပစ်ဖို့အတွက် အမိန့်မနာခံကြဖို့ အတိုက်အခံ လှုပ်ရှားသူတွေက တွန်းအားပေး လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ အတိုကအခံ ပြည်တွင်း ညှိနှိုင်းရေးကော်မတီက နိုင်ငံသားတွေကို ထိုင်သပိတ် ဆင်နွှဲကြဖို့၊ အစိုးရအမှုထမ်းတွေကို အလုပ်မလုပ်ကြဖို့နဲ့ အလုပ်ခွင်တွေကို ပိတ်ထားဖို့ နိုးဆော်နေပါတယ်။