သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကြဲ တိုက်ခိုက်


ဆီးရီယားနိုင်ငံမှာ အကြမ်းဖက်မှု အခြေအနေတွေ ပိုဆိုးလာတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဆီးရီယားထဲမှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းတခုကို ဆီးရီယားအစိုးရတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ အင်မတန်ကို စိုးရိမ်ပူပင်စရာ အခြေအနေဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။ Yarmouk ဒုက္ခသည်စခန်းကို ဆီးရီယားအစိုးရက ဗုံးကြဲတိုက်ခိုက် တာကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီယားအတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။

သမ္မတအာဆပ် အစိုးရအနေနဲ့ ၂၀၁၁ ခုနှစ် မတ်လက စလို့ အတိုက်အခံတွေကို နှိမ်နင်းနေရာမှာ၊ ဒုက္ခသည်စခန်းတခုကို အခုလို လေကြောင်းကနေ တိုက်ခိုက်တာမျိုးဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လူဦးရည်ထူထပ်တဲ့ အရပ်သားနယ်မြေ တခုကို ဗုံးကြဲတိုက်ခိုက်မှုမှာ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိထားပြီး၊ ဒီလို အရပ်သားလူထုအပေါ် အကြမ်းဖက် တိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကြေညာချက် ထုတ်ခဲ့ပါတယ်။

မနေ့ တနင်္ဂနွေနေ့တုန်းက ဆီးရီယားအစိုးရက လေကြောင်းတိုက်ခိုက်မှု ၆ ခု ပြုလုပ်ခဲ့ရာမှာ အဲဒီ ဒုက္ခသည်စခန်းကို တိုက်ခိုက်တာဟာ တခုအပါအဝင် ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြပ်မှုအဖွဲ့က ကြေညာပါတယ်။ သူပုန်တွေဟာ သူတို့ ခြေကုပ်ယူထားတဲ့ နေရာတွေကနေ မြို့တော်အနီးအထိ ချည်းကပ်လာပြီလို့လည်း ဆိုပါတယ်။
XS
SM
MD
LG