သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီရီးယားမှာ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပ


ဒီကနေ့ မေလ(၇)ရက်နေ့၊ ဆီးရီးယားနိုင်ငံမှာ အစိုးရက ကမကထလုပ်ပြီး ပထမဆုံးပြုလုပ်ခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲမှာ၊ တစ်နိုင်ငံလုံးက အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ မြို့တွေရွာတွေမှာ မဲမပေးပဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတယ်လို့၊ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ဟားမား(Hama) မြို့နဲ့ တခြားသော အတိုက်အခံတွေအားကောင်းတဲ့ မြို့တွေရွာတွေက လမ်းတွေပေါ်မှာ လူတွေမရှိပဲ ရှင်းလင်းနေပြီး၊ ဈေးဆိုင်တွေလည်း အားလုံးပိတ်ထားကြ တယ်လို့၊ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီရွေးကောက်ပွဲကို သမ္မတ ဘာရှားအယ်လ်အာဆဒ် (Bashar al-Assad) ရဲ့ အချိန်ဆွဲတဲ့ အတုအယောင် ရွေးကောက်ပွဲအဖြစ် အတိုက်အခံတွေက ပယ်ချခဲ့ကြပြီး အထွေထွေသပိတ်ကြီးတစ်ရပ်ဆင်နွဲှဖို့ နည်းလမ်းရှာနေကြပါတယ်။ ၁၉၇၀ ကစပြီး၊ မိသားစုအစဉ် အဆက်နဲ့ ဆီးရီးယားကို အုပ်ချုပ်လာခဲ့ကြတဲ့ သမ္မတ အာဆဒ် အစိုးရက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်နေပြီလို့၊ ပြသဖို့ နောက် ဆုံးကြိုးပမ်းချက် တစ်ရပ် ဖြစ်ပေမဲ့၊ ပြည်တွင်းပြည်ပက ထင်ရှားတဲ့ ဆီးရီးယား အတိုက်အခံအဖွဲ့ တွေက ပြောကြတာမှာ၊ (၁၄)လကြာလာပြီ ဖြစ်တဲ့ လူထုအုံကြွ မှုကို အကြမ်းဘက်ဖြိုခွင်းနေတဲ့ သမ္မတ အာဆဒ် အစိုးရရဲ့ လုပ်ရပ်ကြောင့်၊ အခုရွေးကောက်ပွဲဟာ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့၊ ပြောပါတယ်။

ဆီးရီးယားအစိုးရရဲ့ ရုပ်မြင်သံကြားသတင်းမှာ ဒမတ်စကပ်(စ်)မြို့ (Damascus) တဝိုက်နဲ့ တခြားဒေသတွေက မဲရုံတွေမှာ မဲပေးနေကြတာကို ပြသနေပြီး တော့၊ အခုရွေးကောက်ပွဲမှာ အမတ်နေရာ (၂၅၀)ရှိတဲ့ ဆီးရီးယားလွှတ်တော်အတွက်အတွက် အမတ်လောင်း ခုနစ်ထောင် (၇၀၀၀) ကျော်၊ ပါဝင်ယှဉ်ပြိုင်ကြ တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG