ဆီးရီးယားနိုင်ငံ ဟုမ်းစ် (Homs) မြို့က အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ Baba Amr ရပ်ကွက်ကို သမ္မတ ဘာရှာ အယ်လ်-အာဆဒ် ရဲ့တပ်တွေက လနဲ့ချီပြီး တိုက်ခိုက်နေသလို ဒေသခံတွေကို အပြစ်ပေး အရေးယူမှုတွေကြောင့် အဲဒီရပ်ကွက်ကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ လက်နက်ကိုင် အတိုက်အခံတွေက ပြောပါတယ်။
သူတို့ကိုယ်သူတို့ Baba Amr တော်လှန်ရေးတပ်မဟာလို့ နာမည်ပေးထားတဲ့ အတိုက်အခံတွေက ဒေသခံအရပ်သား ၄,၀၀၀ လောက်ဟာ သူတို့နေအိမ်တွေမှာပဲ ဆက်ပြီးနေမယ်လို့ ဇွတ် ပြောနေတာမို့ သူတို့ကိုထားခဲ့ပြီး ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ဆီမှာ လက်နက်အင်အား နည်းပါးလာတဲ့အပြင် ဆက်သွယ်ရေး၊ လျှပ်စစ်၊ သောက်သုံးရေ၊ အစားအစာနဲ့ ဆေးဝါးတွေ မရှိတော့ဘဲ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွား လာတာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့လည်း ပြောပါတယ်။
အဲဒီ Baba Amr အရပ်မှာ ရက်အတော်ကြာ ပိတ်မိနေတဲ့ ပြင်သစ်သတင်းထောက် နှစ်ယောက်ကို အိမ်နီးချင်း လက်ဘနွန်နိုင်ငံဆီ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြင်သစ်သမ္မတ နီကိုလာ ဆာကိုဇီ (Nicholas Sarkozy) က ဘရပ်ဆဲလ်မြို့ကို ရောက်နေတုန်းမှာ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တခဲနက်အတည်ပြုခဲ့တဲ့ ကြေညာချက်ထဲမှာတော့ အာဏာရှင် အာဆဒ်အစိုးရကို တစ်နှစ်ကြာ ဆန့်ကျင်မှုတွေမှာ အစိုးရရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီဒေသက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ လျင်လျင်မြန်မြန် ယိုယွင်းလာပြီး သိပ်ကို ကြေကွဲစရာကောင်းတဲ့ အနေအထား ရောက်နေပြီလို့ ဆိုပါတယ်။
ဒီဒေသကနေ အတိုက်အခံတွေ ဆုတ်ခွာခဲ့တဲ့နောက် အစိုးရတပ်တွေရဲ့ ချေမှုန်းမှုကြောင့် ကြာသပတေးနေ့က လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။