သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီရီးယားမြောက်ပိုင်းဆေးရုံတွေတိုက်ခိုက်ခံရမှု လူ ၅၀နီးပါး သေဆုံး


ဆီးရီးယားနိုင်ငံအတွင်းက ဗုံးကျဲခံထားရသည့် အဆောက်အဦးများ။
ဆီးရီးယားနိုင်ငံအတွင်းက ဗုံးကျဲခံထားရသည့် အဆောက်အဦးများ။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေ တနင်္လာနေ့က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၅၀ လောက် သေဆုံးသွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပေဒကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။

MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ ကုတင် ၃၀ ဆန့် ဆေးရုံ တနင်္လာနေ့က တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားပြီး ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တခြား ကျန်းမာရေးအဆောက်အဦး ၃ ခုလည်း ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဆီးရီးယားသမ္မတ အာဆဒ်အစိုးရနဲ့ တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့တွေရဲ့ အဆိုအရကတော့ ဆီးရီးယားအစိုးရက သူတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

Idlib မြို့မှာရှိတဲ့ Maarat al-Numan ဆေးရုံကို တိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံးသွားတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောပါတယ်။ ဆေးရုံကို ၄ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရတာမှာ သေဆုံးသူ အနဲဆုံး ၈ ဦး ရှိခဲ့တယ်လို့ MSF အဖွဲ့က ပြောပါတယ်။

တူရကီနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ Azaz မြို့မှာရှိတဲ့ မိခင်နဲ့ ကလေးကျန်းမာရေးဆေးခန်းကို ဒုံးကျည် ထိမှန်သွားတဲ့အတွက်လည်း အနဲဆုံး ၁၀ ဦး သေဆုံးသွားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

XS
SM
MD
LG