သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟူလာကို ဆီးရီးယားတပ်တွေ ထပ်တိုက်


ဆီးရီးယား နိုင်ငံမှာ အစိုးရတပ်တွေဘက်က တိုက်ခိုက်မှုတွေ ဆက်ပြီး လုပ်နေမယ်ဆိုရင် မနက်ဖန်ကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက်နာတော့မှာ မဟုတ်ဖူးလို့ ဆီးရီးယား သူပုန်အဖွဲ့တပ်မှုးကြီးက ပြောကြားနေချိန်မှာပဲ ဒီကနေ့ ကြာသပတေးနေ့မှာအစိုးရတပ်တွေက
ဟူလာ (Houla) ဒေသမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လူ ၁၀၈ ဦးသေဆုံးခဲ့ရတဲ့ ဟူလာရွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အတွက် နိုင်ငံတကာက ဒေါသထွက်နေ ချိန်မှာပဲ အခုလို နောက်ထပ်ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့သလို ထွက်ပြေးနေတဲ့ ဒေသခံတွေကို ဆီးရီးယား အစိုးရတပ်တွေက ညတွင်းချင်း ၀င်ရောက် တိုက်ခိုက်မှုကြောင့်
ပထမပိုင်းမှာ လူ ၃ ဦး သေဆုံးခဲ့ရသလို နောက်ပိုင်းမှာ လက်ဖြောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် ၁၄ နှစ်သား လူငယ်တဦး သေဆုံးခဲ့ရတယ်လို့ ဆီးရီးယား လူ့အခွင့်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

အခုလို ဟူလာရွာမှာ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွါးနေတယ်ဆိုတဲ့ သတင်းကို အတည်ပြုနိုင်ဖို့ Homs မြို့နားမှာ စခန်းချထားတဲ့ ကုလသမဂ္ဂစောင့်ကြည့် စုံစမ်းရေး အဖွဲ့က ဟွာလာရွာကို သွားနေပြီလို့ ဒမတ်စကပ် အခြေစိုက် ကုလသမဂ္ဂ အဖွဲ့ပြောခွင့်ရက VOA ကိုပြောပါတယ်။

ဆီးရီးယားလွတ်မြောက်ရေးတပ် FSA က ဗိုလ်မှုးကြီး ကဆင်းမ် ဆာဒက်ဒိုင်း (Qassim Saadeddine) က ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန်ရဲ့ ဆီးရီးယား ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ကို လိုက်နာဖို့ သမ္မတ ဘက်ရှီးယား အယ်လ် အာဆတ် (Bashar al- Assad) ကို သောကြာနေ့ နေ့လည်မှာနောက်ဆုံးအဖြစ် အချိန်သတ်မှတ်ပေးလိုက်ကြောင်း ကြာသပတေးနေ့က ကွန်ပြူတာ အင်တာနက်ကနေ ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တကယ်လို့ ဆီးရီးယား သမ္မတဘက်က ဒီချမှတ်ထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် သူတို့အဖွဲ့အနေနဲ့ ဆက်ပြီး သည်းမခံနိုင်တော့ဘူးလို့ ဆိုပါတယ်။ FSA အဖွဲ့ဟာ ဆီးရီးယား စစ်တပ်ကနေ ထွက်ပြေးလာသူ အများအပြားပါဝင်တဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ထဲမှာ မစ္စတာကိုဖီအာနန်ရဲ့ ကြားဝင် ဆောင်ရွက်မှုကို လက်ခံပြီး အပစ်အခတ်တွေ ရပ်စဲဖို့ သူပုန်အဖွဲ့တွေနဲ့ ဆီးရီးယား အစိုးရ တို့က သဘောတူညီခဲ့ကြပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေပြီး ချမှတ်ထားတဲ့ သဘောတူညီချက်ကို ချိုးဖေါက်တယ်လို့ တဘက်နဲ့ တဘက် စွပ်စွဲနေကြတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ဆီးရီးယား အစိုးရကို မစ္စတာ ကိုဖီအာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း လိုက်နာဖို့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG