သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရနှင့် ပူးပေါင်းသူ လူ ၂၀ ကို IS စစ်သွေးကြွကွပ်မျက်


IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယားနိုင်ငံအတွင်းက သမိုင်းဝင်မြို့ဖြစ်တဲ့ Palmyra က ရှေးဟောင်း ရောမကပွဲကြီးနေရာမှာ လူ ၂၀ ကို သတ်ဖြတ်ပစ်လိုက်တယ်လို့ ဒီကိစ္စကို စောင့်ကြည့်နေတဲ့အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဆီးရီးယားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့ကို သတ်ဖြတ်ပစ်လိုက်တာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အိမ်နီးချင်း အီရတ်နိုင်ငံအတွင်းမှာတော့ IS အဖွဲ့တွေ ပြိုကွဲသွားအောင် သူတို့ရှိနေတဲ့ Anbar ဒေသအတွင်းက နေရာတွေကို အီရတ်အစိုးရတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်မှာပဲ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်သွားခဲ့တဲ့အတွက် အီရတ်စစ်သား ၁၇ ယောက် သေဆုံးသွားခဲ့ပါတယ်။

စစ်သွေးကြွတွေလက်ထဲက ဒေသတွင်းက မြို့တွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ အီရတ်အစိုးရ တပ်ဖွဲ့တွေ တန်ပြန် ထိုးစစ်ဆင်မှု စတင်ပြီး နာရီပိုင်းအကြာမှာပဲ IS အဖွဲ့က သိမ်းပိုက်ထားတဲ့ Fallujah မြို့အပြင်မှာ အဲဒီလို အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်သွားခဲ့တာလို့ အီရတ်စစ်ဘက် အရာရှိတွေက ပြောပါတယ်။

Ramadi မြို့ကို ပတ်လည်ကို ဝိုင်းထားပြီး ထောင်နဲ့ချီတဲ့ အီရတ် အစိုးရတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်မှာပဲ IS အဖွဲ့ဟာ မြို့အနောက်ဖက်ခြမ်းကို သူတို့ရဲ့ ထောက်ပံ့ရေး လမ်းကြောင်းအဖြစ် ထိန်းသိမ်းချုပ်ထားတယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Steve Warren က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

XS
SM
MD
LG