သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အချက်အချာနယ်စပ်မြို့ IS ထံမှ ပြန်သိမ်းယူ


ဆီးရီးယားနိုင်ငံက အချက်အချာ နယ်စပ်မြို့တမြို့ဖြစ်တဲ့ Tal Abyad မှာ IS စစ်သွေးကြွတွေကို တိုက်ထုတ်ပြီး ကာဒစ်ရှ် တိုက်ခိုက်ရေးသမားတွေနဲ့ ဆီးရီးယားသူပုန်တွေက အပြည့်အ၀ ထိန်းချုပ်ထားလိုက်ပြီ ဖြစ်တဲ့အကြောင်း ဆီးရီးယားအရေး လှုပ်ရှားသူတွေက ဒီကနေ့ပဲ ပြောဆိုခဲ့ကြပါတယ်။

စစ်သွေးကြွတွေဟာ မြို့ရဲ့ အနောက်ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေကို ထွက်ပြေးသွားကြပြီး၊ မြို့ထဲမှာတော့ မြေမြှုပ်မိုင်းတွေ အမြောက်အများ ထောင်ထား တယ်လို့လည်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အကဲခတ် အဖွဲ့က ပြောဆိုခဲ့တာပါ။

တူရကီနိုင်ငံနဲ့ နယ်စပ် Tal Abyad မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဆီးရီးယားတောင်ပိုင်းက Raqqa မြို့ကို တင်ပို့နေတဲ့ စစ်သွေးကြွတွေရဲ့ ထောက်ပံ့ရေး လမ်းကြောင်းလည်း ပြတ်တောက်သွားခဲ့ပါတယ်။

ဒီလမ်းကြောင်းကိုတော့ ဆီးရီယားနိုင်ငံထဲ လက်နက်တွေ၊ တိုက်ခိုက်ရေးသမားတွေ မှောင်ခိုတင်သွင်းဖို့နဲ့ အဓိကဝင်ငွေရနေတဲ့ ရေနံတွေကို မှောင်ခိုဈေးကွက်မှာ တင်ပို့ရောင်းချရာမှာ စစ်သွေးကြွတွေက အသုံးပြုခဲ့ကြတာပါ။

ဒီဒေသမှာ တိုက်ပွဲတွေကြောင့် ဆီးရီးယားအရပ်သား ထောင်ပေါင်းများစွာဟာလည်း အိမ်နီးချင်း တူရကီနိုင်ငံကို ထွက်ပြေးပြီး ခိုလှုံခဲ့ကြရပါတယ်။ တူရကီအာဏာပိုင်တွေကတော့ ဒုက္ခသည်ပြဿနာ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်နေသလို၊ ကာဒစ်ရှ်ပြည်သူ့စစ်တွေ အားကောင်းလာပြီး၊ တူရကီနိုင်ငံတွင်းက ကာဒစ်ရှ် လူနည်းစုတွေကြား ခွဲထွက်လိုတဲ့ စိတ်ဓာတ်တွေ ကြီးထွားလာမှာကိုလည်း စိတ်ပူနေပါတယ်။

XS
SM
MD
LG