သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ပဋိပက္ခ အစ္စရေးအထိ ရိုက်ခတ်


ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဆီးရီးယား နိုင်ငံက သံချပ်ကာကား ၃ စင်းဟာ စနေနေ့မှာတုန်းက ဂိုလန်ကုန်းမြင့်က စစ်မဲ့ဇုန်နယ်မြေကို ဝင်ရောက်လာတဲ့ အတွက် အစ္စရေးနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ထိန်းသိမ်းရေးတပ်ကို တိုင်ကြားခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် ဆီးရီးယား ပြဿနာတွေ ဒေသတွင်း ပျံ့နှံ့လာမှာကို စိုးရိမ်မကင်းမှုတွေလည်း ပိုမိုကြီးထွားလာခဲ့တာပါ။ စစ်သည်တင်ယာဉ် ၂ စင်းအပါအဝင် သံချပ်ကာကား ၃ စင်းဟာ ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း ဆီးရီးယားနိုင်ငံ ထံကနေ သိမ်းပိုက်ထားတဲ့ အစ္စရေးပိုင် ဂိုလန်ကုန်းမြင့်ထဲက စစ်စခန်းတွေနဲ့ မိုင်အနည်းငယ် အကွာလောက်အထိ ရောက်ရှိလာတာလို့လည်း သတင်းတွေက ဖော်ပြနေကြ ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း တနာရီကို လူ ၆ ဦးနှုန်း သေဆုံးနေတယ်လို့ ဆီးရီးယားအရေး လှုပ်ရှားသူတွေက ပြောဆိုပါတယ်။ အောက်တိုဘာလ အတွင်းက ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၄,၅၃၂ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယားကွန်ယက် လူ့အခွင့်အရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ တရက်ကို ၁၄၇ ယောက်နှုန်းနဲ့ တနာရီကို ၆ ယောက်နှုန်း သေဆုံးနေ တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဆီးရီးယား သူပုန်တွေဟာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ တက်ဖ်တန်နက်ဇ် (Taftanaz) လေတပ်စခန်းကို သိမ်းယူဖို့အတွက် အစိုးရတပ်တွေနဲ့ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒီလေတပ်စခန်းဟာ ဆီးရီးယားမြို့တော် ဒမတ်စကတ်နဲ့ မြောက်ပိုင်းက အလက်ပိုမြို့တွေကို ဆက်သွယ်ပေးထားတဲ့ အဝေးပြေးလမ်းမနားမှာ တည်ရှိပြီးတော့ လပေါင်းများစွာ ဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
သောကြာနေ့မှာတော့ ဆီးရီးယားသူပုန်တွေဟာ ဆုရောကစ်ဘ် မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ အကဲခတ်တွေက ပြောပါတယယ်။ ဒီမြို့ဟာဆိုရင် ဆီးရီးယား မြောက်ပိုင်းမှာ ဗျူဟာကျတဲ့ မြို့တမြို့ ဖြစ်ပြီး အလက်ပိုမြို့ကို ကာကွယ်ဖို့အတွက် အစိုးရတပ်တွေက သူပုန်တွေကို အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

အစိုးရတပ်တွေဟာ စီးပွားရေးအရ အချက်အချာကျတဲ့ နိုင်ငံရဲ့ အကြီးဆုံးမြို့ အလက်ပိုမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် လပေါင်းများစွာ သူပုန်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဆီးရီးယားနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အခုအခါမှာ လပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ခန့်မှန်းခြေ လူ ၃၆,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။ အစိုးရတပ်တွေဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်း လေကြောင်းကနေ အရှိန်မြှင့် တိုက်ခိုက်ခဲ့တာကြောင့် လူရာပေါင်းများစွာ ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သေဆုံးခဲ့ရပါတယ်။
XS
SM
MD
LG