သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုံခြုံရေးကောင်စီ အတည်ပြု


ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ နိုင်ငံတကာ လမ်းပြမြေပုံကို တညီတညွတ်တည်း အတည်ပြုပေးလိုက်နိုင်တာဟာ လူပေါင်း ၂ သိန်းခွဲကျော် သေဆုံးခဲ့ရတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အင်အားကြီးတဲ့ နိုင်ငံတွေကြား ရှားရှားပါးပါး တစည်းတလုံးထဲ ရှိတာကို ပြနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

ဆီးရီးယားရဲ့ နိုင်ငံရေးပြဿနာ အဖြေရှာရေးမှာ အရင်တုန်းက လုံခြုံရေးကောင်စီမှာ အတားအဆီးတွေ ရှိနေရာကနေ အခုလို ထူးထူးခြားခြား ညီညွတ်မှုရှိတာအတွက် ဝန်ကြီးကယ်ရီ က ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် သောကြာနေ့မှာ ရရှိလိုက်တဲ့ ဒီသဘောတူညီချက်ကို သမိုင်းဝင် သဘောတူညီချက်တရပ်လို့ ခေါ်ဆိုလိုက်ပြီး သံတမန်ရေးကြိုးပမ်းမှုတွေကို နှစ်သစ်မှာ အလျှင်အမြန် ဆောင်ရွက်သွားနိုင်မယ်လို့လည်း ခန့်မှန်းပြောကြားခဲ့ပါတယ်။

ကာလကြာရှည်ပြီး ဆုံးရှုံးမှုကြီးမားတဲ့ ပြည်တွင်းစစ်အရေး ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်က အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း တူရကီက ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရုရှားသမ္မတ Vladimir Putin က သူ့နိုင်ငံအနေနဲ့ ဆီးရီးယားမှာ သူ့ရဲ့ စစ်ရေးစွမ်းအားကို အပြည့်အဝ အသုံးချရတာမျိုး မရှိသေးဘဲ တကယ်လို့ လိုအပ်လာရင်တော့ သူ့အနေနဲ့ တဆင့်တက်ပြီး ပါဝင်ပေးဖို့ အဆင်သင့်ပဲလို့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂက ကမကထလုပ်ထားတဲ့ ဆီးရီးယားတွေ ဦးဆောင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ပံ့ပိုးပေးမှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်ထဲမှာတော့ နိုင်ငံတွင်း အဖွဲ့အစည်းတွေကြား ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပဖို့နဲ့ ၁၈ လအတွင်း ရွေးကောက်ပွဲတွေ ကျင်းပပေးရမှာဖြစ်ပြီး တဆက်တည်းမှာပဲ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းဖို့ပါ ပါဝင်ပါတယ်။

ဆီးရီးယားမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်ဆောင်ရွက်မယ့် အပစ်အခတ်ရပ်စဲမှု လုပ်ဖို့အစီအစဉ်ပါပေမဲ့ IS အစွန်းရောက်တွေထက် သဘောထား သိပ်မတင်းမာတဲ့ အတိုက်အခံတွေကို ပစ်မှတ်ထားတဲ့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မရပ်ပေးသရွေ့ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲမှု ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ Istanbul အခြေစိုက် ညွန့်ပေါင်း ဆီးရီးယား အတိုက်အခံအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG