သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အီရန် တက်မည်မဟုတ်


ဆီရီးယားအရေး ကုလပြောခွင့်ရ ဆွေးနွေးစဉ်။ (ဇန်နဝါရီလ ၂၀၊ ၂၀၁၄)
ဆီရီးယားအရေး ကုလပြောခွင့်ရ ဆွေးနွေးစဉ်။ (ဇန်နဝါရီလ ၂၀၊ ၂၀၁၄)
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဒီသီတင်းပတ်ကျင်းပမယ့် ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အီရန်နိုင်ငံ မတက်ရောက်ဘဲနဲ့ ကျင်းပတော့မှာဖြစ်ပါတယ်။ ဆီးရီးယားမှာ ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းရေး အမြင်ကို အီရန်က ပယ်ချခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က တနင်္လာနေ့နှောင်းပိုင်းမှာ ကြေညာခဲ့တာပါ။ ကြားဖြတ်အစိုးရဖွဲ့စည်းရေး အဆိုပြုချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အဲဒီလို ကြားဖြတ်အစိုးရဖွဲ့မယ်ဆိုရင် အီရန်နိုင်ငံရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ် ပါဖွယ်မရှိပါဘူး။

ဆွေးနွေးပွဲတွေမှာ အပြုသဘောပါဝင်ပါ့မယ်လို့ အစောပိုင်းက ကတိပေးထားတာတွေနဲ့ မကိုက်ညီဘဲ အီရန်ဘက်က ပြောခဲ့တဲ့ နောက်ဆုံး သဘောထားကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန် ကီမွန်း အကြီးအကျယ် စိတ်ပျက်ရတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာပြောပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ Montreux မြို့မှာ ဗုဒ္ဓဟူးနေ့ စတင်ကျင်းပမယ့် ဆွေးနွေးပွဲ တွေကို အီရန်နိုင်ငံမပါဘဲ ကျင်းပသွားမယ်လို့ ကုလပြောခွင့်ရက ပြောပါတယ်။

ဆွေးနွေးပွဲတက်ဖို့ အီရန်ကို ဖိတ်ထားတယ်လို့ မစ္စတာဘန်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့တာပါ။ ဆွေးနွေးပွဲရည်ရွယ်ချက်ကို အီရန်က နားလည်ပြီး အပေါင်းလက္ခဏာဆောင်ပြီးတော့ အပြုသဘော ပါဝင်မယ်လို့ သူယုံကြည်တဲ့အကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောခဲ့ပါတယ်။
အီရန်နဲ့ပတ်သက်တဲ့မေးခွန်းက ပြေလည်သွားပြီမို့ သက်ဆိုင်သူအားလုံးဟာ အချိန်လွန်နေပြီဖြစ်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းဖို့ ကိစ္စနဲ့ ဆီးရီးယားလူထု ခံစားနေရတဲ့ဒုက္ခ ချုပ်ငြိမ်းရေးကိစ္စတွေကို အာရုံစိုက်နိုင်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ပြောပါတယ်။
XS
SM
MD
LG