သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဦးဆောင်လုပ်မယ့် ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ


ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဆီးရီးယား နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Staffan de Mistura

ရုရှားနိုင်ငံ ဆိုချီမြို့မှာ လာမယ့် လထဲ ကျင်းပမယ့် ရုရှားတို့ ဦးဆောင်တဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆီးရီးယား ပြည်သူတွေရဲ့ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပြီး ဒီဆွေးနွေးပွဲဟာဆိုရင် ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အခြေခံတွေ ချမှတ်ဖို့ ရည်ရွယ်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရုရှားတို့ ရှောင်လွှဲဖို့ ကြိုးစားနေတယ်လို့ ဆီးရီးယား သူပုန်တွေက ပြောဆိုပြီး ဆိုချီမှာ လုပ်မယ့် ဆွေးနွေးပွဲကို မတက်ဘူးလို့ ဆီးရီးယား သူပုန် အဖွဲ့ ၄၀ က ပြောဆိုလိုက်ပြီးနောက်မှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီးရဲ့ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဆီးရီးယား သမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ သူပုန်ဘက်က တောင်းဆိုချက်ကို ရုရှားဘက်က စွန့်လွှတ်စေချင်နေတယ်လို့လည်း သူပုန်တို့က ပြောပါတယ်။

ဆွေးနွေးပွဲမှာ ကြားလူအဖြစ် ဆောင်ရွက်ပေးသူက ဘက်မလိုက်ဘဲ ရိုးဖြောင့်သူ ဖြစ်ရမှာ ဖြစ်ပြီး ဆီးရီးယား အစိုးရရဲ့ အင်အားအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ ရုရှားအနေနဲ့ လုပ်လို့ မရဘူးလို့လည်း သူပုန်တို့က ပြောပါတယ်။ ဆီးရီးယား အစိုးရကတော့ ဆိုချီ ဆွေးနွေးပွဲကို တက်မယ်လို့ ပြောထားပါတယ်။ ဆီးရီးယား အတိုက်အခံတွေကို ထောက်ခံတဲ့ တူရကီ နိုင်ငံကလည်း ဆွေးနွေးပွဲကို တက်ဖို့ အစီအစဉ် ရှိပါတယ်။

ဒါပေမယ့် ဒီဆွေးနွေးပွဲမှာ ကာဒ့် အဖွဲ့တွေကိုတော့ မဖိတ်ဖို့ ပြောနေတာပါ။ ဆီးရီးယား ကာဒ့်လူမျိုးစုရဲ့ Democratic Union ပါတီကတော့ သူတို့ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ခွင့် ရှီတယ်လို့ ပြောဆိုထားပါတယ်။ ဂျီနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ အပြိုင် ရုရှား၊ တူရကီ၊ အီရန်တို့ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာတော့ ၆ နှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် တိုးတက်မှုက မဖြစ်စလောက်သာ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG