သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ မူအားဖြင့်သဘောတူ


အတိုက်အခံပြောခွင့်ရသူ Louay Safi
အတိုက်အခံပြောခွင့်ရသူ Louay Safi
ဂျနီဗာမြို့မှာကျင်းပနေတဲ့ ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ ၅ ရက်မြောက် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အစိုးရနဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေက ၂၀၁၂ ခု ဂျနီဗာကြေညာချက်ကို အခြေခံပြီး စေ့စပ်ညှိနှိုင်းကြဖို့ သဘောတူကြတယ်လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၁၂ ခု ဂျနီဗာကြေညာချက်အရ ဆီးရီးယားပဋိပက္ခ အဆုံးသတ်ရေးအတွက် အသွင်ကူးပြောင်းရေး အစိုးရတရပ် ဖွဲ့စည်းရေးအပါအဝင် အချက် အတော်များများကို နှစ်ဘက်စလုံးက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဆီးရီးယားအစိုးရက ဒီဂျနီဗာကြေညာချက်ကို အခြေခံပြီး အချက်တချက်ချင်းဆီကို တကြိမ်ဆွေးနွေးကြဖို့ ဆွေးနွေးပွဲအစကတည်းက လုံး၀ အဆင်သင့်ရှိတယ်လို့ SANA နိုင်ငံပိုင်သတင်းက ပြောဆိုလိုက်ပါတယ်။ အတိုက်အခံပြောခွင့်ရသူ Louay al Safi က နှစ်ဘက်စလုံးအနေနဲ့ ဒီဂျနီဗာကြေညာချက်ကို အခြေခံပြီး ဆွေးနွေးကြဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။

ငြိမ်းရေးဆွေးနွေးပွဲ ၅ ရက်မြောက် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အစိုးရနဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ ဆက်လက် ဆွေးနွေးနေကြပြီး၊ ကုလသမဂ္ဂနဲ့ အာရတ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယားအရေး အထူးကိုယ်စားလှယ် Lakhdar Brahimi က နှစ်ဘက်ကိုယ်စားလှယ်အကြား ကြားဝင် စေ့စပ်ပေးနေပါတယ်။

တခြားဖြစ်ထွန်းမှုတခုကတော့ ဆီးရီးယားရေနံမြေတချို့ကို ထိန်းချုပ်ထားတဲ့ al-Quaida နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွတွေဆီကနေ ဆီးရီးယားအစိုးရက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ဝယ်ယူနေတယ်လို့ အနောက်သတင်းရပ်ကွက်က ပြောနေကြပါတယ်။ ရေနံမြေတွေကို ထိန်းချုပ်နေတဲ့ စစ်သွေးကြွတွေက အစိုးရရဲ့ လေကြောင်းက တိုက်ခိုက်မှုသက်သာအောင် လောင်စာတွေ ပံ့ပိုးနေတာလို့ အတိုက်အခံလှုပ်ရှားသူတွေကပြောကြောင်း Washington Post ရဲ့ ဒီနေ့ထုတ် သတင်းမှာလည်း ဖော်ပြထားပါတယ်။
XS
SM
MD
LG