ဆီးရီးယားပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေအပေါ် ကမ္ဘာ့အသိုင်းအ၀ိုင်းက တုံ့ပြန်နေမှုဟာ အရှက်ရလောက်ဖွယ် ဖြစ်နေတဲ့အတွက် ဆန္ဒထုတ်ဖော်ပြသတဲ့အနေနဲ့ ဆီးရီးယားနိုင်ငံရဲ့ အဓိကအတိုက်အခံ အဖွဲ့ဖြစ်တဲ့ ဆီးရီးယားအမျိုးသားညွန့်ပေါင်း အဖွဲ့က နိုင်ငံတကာအဖွဲ့အစည်းတွေပါဝင်တဲ့ အစည်းအဝေးတွေကနေ နှုတ်ထွက်လိုက်ပါတယ်။
SNC လို့အမည်ရတဲ့ ဆီးရီးယား အတိုက်အခံ အမျိုးသားညွန့်ပေါင်းအဖွဲ့ဟာ ရှေ့လာမယ့် သီတင်းပတ်အတွင်း Rome မြို့မှာ ကျင်းပမယ့် ဆီးရီးယားမိတ်ဆွေများအဖွဲ့ ညီလာခံကို မတက်ရောက်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ မော်စကိုနဲ့ ၀ါရှင်တန်မြို့တွေမှာ ပြုလုပ် မယ့် ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားတာကိုလည်း ငြင်းပယ်လိုက်ပါတယ်။
နေ့စဉ်နဲ့အမျှ ဆီးရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေကို နိုင်ငံတကာ ကနေ နှုတ်ဆိတ်နေကြသလို ၂ နှစ်တာကာလအတွင်း ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေကို နိုင်ငံတကာကနေ မသိကျိုးကျွံ ပြုနေတယ်ဆိုပြီးတော့ ညွန့်ပေါင်းအဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဝေဖန်ရေးသားထားပါတယ်။
ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ရဲ့ အစိုးရကို လက်နက်တွေ ထောက်ပံ့ပေးနေတယ် ဆိုပြီးတော့လည်း ကြေညာချက်ထဲမှာ ရုရှားနိုင်ငံကို ဝေဖန်ြပစ်တင်ထားပါတယ်။ သူပုန်တပ်ဖွဲ့တွေရဲ့ ခြေကုတ်ယူထားရာအရပ်ဖြစ်ပြီး ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုမြို့တ၀ိုက်မှာ အသုံးပြုဖို့ အစိုးရတပ်ကို ရုရှားက စကဒ်ဒုံး လက်နက်တွေ ထောက်ပံ့ ပေးခဲ့တာနဲ့ ပတ်သက်ပြီး အတိုက်အခံ ညွန့်ပေါင်းတပ်ဖွဲ့တွေ က ဒေါသထွက်နေကြပါတယ်။
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်တာ ပြည်တွင်းစစ် ပဋိပက္ခဖြစ်ပွားနေစဉ်ကာလအတွင်း သေဆုံးသူ ဦးရေ ၇ သောင်း ထက်မနည်း ရှိသွားပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ကြေညာထားပါတယ်။