သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားတွေကို Assad ဆက်နှိမ်နင်းမည်


ဆီးရီးယားသမ္မတ Bashar al-Assad (ဗဟို) နဲ့ ရုရှားလွှတ်တော်အမတ်တွေ တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၅)
ဆီးရီးယားသမ္မတ Bashar al-Assad (ဗဟို) နဲ့ ရုရှားလွှတ်တော်အမတ်တွေ တွေ့ဆုံစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၅)

ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်က သူ့နိုင်ငံအတွင်း အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုရန်ကနေ ကင်းဝေးစေဖို့အရေး သူ့အနေနဲ့ အလေးထားလုပ်ဆောင်နေကြောင်း၊ ဒါဟာ ဆီးရီးယားနိုင်ငံအတွင်း ၄ နှစ်ခွဲကျော်ကြာ ဖြစ်ပွားနေတဲ့အရေးအခင်းကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနိုင်ဖို့ ဦးတည်နိုင်လိမ့်မယ် ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အကြမ်းဖက်အုပ်စုတွေကို ရှင်းထုတ်ပစ်လိုက်ခြင်းအားဖြင့် ဆီးရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရာ ရောက်စေမှာဖြစ်တယ်လို့ Damascus မှာ ရုရှားဥပဒေပြု အမတ်တွေ၊ တခြားအရာရှိတွေနဲ့ တွေ့ဆုံစဉ်မှာ မစ္စတာအာဆတ်က ပြောလိုက်တာဖြစ်တယ်လို့ ဆီးရီးယား နိုင်ငံပိုင် SANA သတင်းဌာနက ထုတ်ပြန်ပါတယ်။

မစ္စတာအာဆတ်က နောက်လာမယ့်သမ္မတအသစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြောင်း၊ ဆီးရီးယားနိုင်ငံသားတွေအနေနဲ့ သူ့ကို လိုလားတယ်ဆိုရင် ပါလီမန်မှာလည်း ပါဝင်ဆောင်ရွက်လိုကြောင်း ပြောခဲ့တယ်လို့ ရုရှားလွှတ်တော်အမတ် Alexander Yushchenko က ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ဟာ ဆီးရီယားနိုင်ငံ နိုင်ငံရေးတည်ငြိမ်မှုအတွက် နိုင်ငံတကာကနေ ထောက်ခံမှုပေးပြီး ဆီးရီးယားအာဏာပိုင်တွေနဲ့ မျိုးချစ်အတိုက်အခံတွေ ပါဝင်လုပ်ဆောင်ပေးနိုင်တဲ့ အလားအလာကို ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG