သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဆန္ဒပြပွဲ နှိမ်နင်းမှု လူ ၈၀ ထက်မနည်း သေဆုံး


ဆီးရီးယား ဆန္ဒပြပွဲ နှိမ်နင်းမှု လူ ၈၀ ထက်မနည်း သေဆုံး
ဆီးရီးယား ဆန္ဒပြပွဲ နှိမ်နင်းမှု လူ ၈၀ ထက်မနည်း သေဆုံး

ဆီးရီးယားနိုင်ငံက အချက်အချာမြို့ တမြို့ဖြစ်တဲ့ ဟားမား (Hama) မှာ သံချပ်ကာကားတွေ အကူအညီနဲ့ ရောက်လာတဲ့ စစ်သားတွေက အရပ်သားတွေကို ပစ်ခတ်ခဲ့တဲ့အတွက် လူ ၈၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

စက်သေနတ်သံတွေ၊ သံချပ်ကာကားတွေက အမြောက်နဲ့ ပစ်ခတ်သံတွေဟာ တနင်္ဂနွေနေ့မှာ တမြို့လုံး ပဲ့တင်ထပ်နေခဲ့တယ်လို့လည်း ပြောပါတယ်။

ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေပြီး သွေးလှူရှင်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တပ် ဝင်မလာနိုင်အောင် အရပ်သားတွေက လမ်းပေါ်မှာ ချထားတဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး စစ်သားတွေက ထင်သလို ပစ်ခတ်မှုတွေနဲ့ တနင်္ဂနွေနေ့ အရုဏ်တက်ချိန်မှာ တိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်ခဲ့တာလို့လည်း သတင်းတွေက ဖော်ပြနေကြတာပါ။

ဆီးရီးယားသမိုင်းမှာ အုပ်ချုပ်သူအပေါ် ဆန့်ကျင်ရာမှာ နာမည်ကြီးတဲ့ ဟားမားမြို့ လူထုက သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al Assad) အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် လုပ်ခဲ့ကြတာပါ။

၁၉၈၂ ခုနှစ် လက်ရှိသမ္မတ အာဆတ်ရဲ့ ဖခင်လက်ထက် ဟားမားမြို့မှာ တော်လှန် ပုန်ကန်သူတွေကို စစ်တပ်က နှိမ်နင်းခဲ့တဲ့အတွက် ထောင်နဲ့ချီ သေဆုံးခဲ့ဖူးပါတယ်။

ဟားမားမြို့မှာ စစ်တပ်က တနင်္ဂနွေနေ့က နှိမ်နင်းနေချိန်မှာပဲ နိုင်ငံတောင်ပိုင်းက အယ်လ် ဟီရပ်ခ် (al Hirak) မြို့မှာလည်း လုံခြုံရေးတပ်တွေရဲ့ လက်ချက်ကြောင့် လူ ၃ ယောက် သေဆုံးပြီး တော်တော်များများ ဒဏ်ရာရသွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်း ဝင်ရောက်စီးနင်းမှုအတွင်း လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့လည်း အယ်လ် ဟီရပ်ခ် မြို့ခံတွေက ပြောပါတယ်။

XS
SM
MD
LG