သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်တပ် စီးနင်းနှိပ်ကွပ်မှု ၅၃ ဦးသေဆုံး


ဆီးရီးယားစစ်တပ် စီးနင်းနှိပ်ကွပ်မှု ၅၃ ဦးသေဆုံး

ဆီးရီးယားနိုင်ငံ အလယ်ပိုင်းက မြို့တမြို့နဲ့ အရှေ့ပိုင်းက မြို့တမြို့မှာ ဆီးရီးယားစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၅၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

သံချပ်ကာ တင့်ကားတွေက အနောက်ကနေ အားဖြည့်ပေးထားတဲ့ ဆီးရီးယားအစိုးရ တပ်ဖွဲ့တွေဟာ ဟွန်းခရိုင်က ဟိုလိခ်မြို့ (Houleh) နဲ့ ဒိုင်ယာ အယ်လ် ဇိုအာ (Deir el-Zour) မြို့တွေထဲကို ဒီကနေ့ ၀င်ရောက်ပြီး ပစ်ခတ်ခဲ့ကြတာလို့ အဲဒီဒေသက တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။

ဒိုင်ယာ အယ်လ် ဇိုအာမြို့မှာ လူ ၄၂ ဦးထက်မနည်း သေဆုံးပြီး ဟိုလိခ်မြို့မှာတော့ ၁၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မြို့ရဲ့ နေရာတော်တော်များများမှာ ပေါက်ကွဲသံတွေကိုလည်း ကြားရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က အရပ်သူ အရပ်သားတွေကို စစ်တပ်အင်အားသုံးပြီး နှိမ်နင်းနေတာတွေကို ချက်ချင်း ရပ်ပစ်လိုက်ဖို့ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆာ့ဒ် (Bashar al-Assad) ကို ပြောခဲ့ပြီး နောက်တရက်မှာပဲ အခုလို မြို့တွေထဲ စစ်တပ်က ၀င်ရောက်စီးနင်းတာတွေ ဖြစ်လာတာပါ။ ဆီးရီးယားနိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်လာတာ ၄ လ ရှိလာပါပြီ။

အခုရက်ပိုင်းတွေမှာ ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး သေဆုံးမှုတွေလည်း များပြားလာနေတာကြောင့် ဆီးရီးယားနိုင်ငံ အရေးနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်နေတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သမ္မတ အာဆာ့ဒ်ကို ရှားရှားပါးပါး မနေ့က တယ်လီဖုန်းနဲ့ဆက်ပြီး ပြောခဲ့တာလို့ ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးဌာနက ပြောပါတယ်။

သမ္မတ အာဆာ့ဒ်ကတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေမှုတွေကို ဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်တယ်၊ ဒီကိစ္စတွေကို အမျိုးသားရေး တာဝန်တရပ် အနေနဲ့ နှိမ်နင်းနေတာလို့ ဆိုပါတယ်။

အာရပ်နိုင်ငံများ အဖွဲ့ချုပ်ကလည်း သမ္မတ အာဆာ့ဒ်ရဲ့ နှိမ်နင်းမှုတွေကို ချက်ချင်းရပ်တန့်ဖို့ ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ အာရပ်အဖွဲ့ချုပ်က ဆီးရီးယားအရေးနဲ့ ပတ်သက်ပြီး အခုလို ပြင်းပြင်းထန်ထန် ပြောတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

XS
SM
MD
LG