သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အစိုးရ နှိပ်ကွပ်မှုကြောင့် လူ ၂၆ ယောက်ထက်မနည်း သေဆုံး


ဆီးရီးယား အစိုးရ နှိပ်ကွပ်မှုကြောင့် လူ ၂၆ ယောက်ထက်မနည်း သေဆုံး

ဆီးရီးယားနိုင်ငံ လာတာကီယာ (Latakia) မြို့မှာ အစိုးရ ဆန့်ကျင်သူတွေအပေါ် လုံခြုံရေး တပ်ဖွဲ့တွေက တိုးမြှင့်နှိမ်နင်းနေတာမှာ မြေပြင်ကနေရော ရေပြင်ကနေပါ စစ်တပ်က ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ဆိပ်ကမ်းမြို့ဖြစ်တဲ့ လာတာကီယာမြို့ရဲ့ ကမ်းရိုးတန်း ရပ်ကွက်တွေအပေါ် စက်သေနတ်တွေ တပ်ဆင်ထားတဲ့ သင်္ဘောတွေနဲ့ တနင်္ဂနွေနေ့က ပစ်ခတ်နေတယ်လို့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူတွေနဲ့ မျက်မြင်တွေက ပြောကြပါတယ်။

ဒီ့မတိုင်ခင် တရက်က စစ်သားတွေဟာ မြို့ထဲကို တင့်ကားတွေနဲ့ ဝင်ရောက်လာခဲ့ကြတာပါ။ ၂ ရက်ရှိပြီဖြစ်တဲ့ ဝင်ရောက် စီးနင်းမှုအတွင်း လူပေါင်း ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သူတို့က ပြောကြပါတယ်။

သောကြာနေ့တုန်းက လာတာကီယာမြို့ အပါအဝင် တခြားမြို့တွေမှာ ဆန္ဒပြသူတွေ စုဝေးပြီး သမ္မတ ဘာရှား အယ်လ် အာဆတ် (Bashar al Assad) ကို ရာထူးကနေ ဆင်းပေးဖို့ ထပ်မံ တောင်းဆိုခဲ့ကြတာပါ။

လာတာကီယာမြို့ထဲက မြို့သူ မြို့သားတွေ ထိတ်လန့်အောင် လုပ်နေတဲ့ လက်နက်အပြည့်အစုံ ကိုင်ထားကြတဲ့ သေနတ်သမားတွေကို ဥပဒေစိုးမိုးရေး တာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့တယ်လို့ အစိုးရပိုင် ဆာနာ (SANA) သတင်းက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံမှာ သေဆုံးမှုတွေ ရှိတဲ့အထိ ဖြစ်နေတဲ့ မငြိမ်သက်မှုတွေကို လက်နက်ကိုင်တွေ၊ အကြမ်းဖက်သမားတွေက လုပ်နေတာလို့ အစိုးရက အပြစ်တင်ပါတယ်။

တနင်္ဂနွေနေ့ကပဲ ဒမတ်စ်ကပ်စ် (Damascus) မြို့တော်ထဲက ရပ်ကွက်တွေထဲကို လုံခြုံရေးတွေ ဝင်ရောက် စီးနင်းမှုမှာ တော်တော်များများ အဖမ်းခံသွားရတယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ Syrian Observatory for Human Rights အဖွဲ့က ပြောပါတယ်။

XS
SM
MD
LG