ဆီးရီးယားမှာ အတိုက်အခံတွေနဲ့ အနောက်အင်အားကြီး နိုင်ငံတွေက ပျက်လုံးတစ်ခုလို သဘောထားကြတဲ့ နိုင်ငံရဲ့ အခြေခံ ဥပဒေအသစ် ဆိုတာကို တနင်္ဂနွေနေ့မှာ ဆန္ဒခံယူပွဲ ကျင်းပနေပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံအနှံ့မှာ အဓိကရုဏ်းတွေ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး စစ်သားတွေနဲ့ အရပ်သားတွေ အပါအဝင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီအခြေခံဥပဒေအသစ် ဆိုတာဟာ ၁၉၆၃ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း Baath ပါတီတစ်ခုတည်း အုပ်ချုပ်လာခဲ့တဲ့ ဆီးရီးယားနိုင်ငံကို ပါတီစုံစနစ် ပြောင်းလဲပြဌာန်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းမှာတော့ နိုင်ငံရဲ့ အာဏာ အရပ်ရပ်ဟာ သမ္မတ ဘက်ရှာ အယ်လ်အာဆဒ် တဦးတည်းရဲ့ လက်ထဲမှာပဲ ရှိနေခဲ့တာပါ။
ဆီးရီးယား အတိုက်အခံတွေကတော့ ဒီအခြေခံဥပဒေအသစ် ဆိုတာက အပေါ်ယံ ဟန်ပြလုပ်ရပ် သက်သက်သာ ဖြစ်ပြီး ၁၁ လကြာ နိုင်ငံအတွင်းမှာ ဖြစ်ပွားနေဆဲ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် ရာထူးက ဆင်းပေးမှာသာ ပြေပျောက်သွားမှာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ဆီးရီးယားက အဓိက အတိုက်အခံ အဖွဲ့ကြီး ၂ ဖွဲ့ဖြစ်တဲ့ ဆီးရီးယား အမျိုးသားကောင်စီနဲ့ ဆီးရီးယားနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အမျိုးသားညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့တို့က ဒီကနေ့ ဆန္ဒခံယူပွဲကို သပိတ်မှောက် ကန့်ကွက်ဖို့ နှိုးဆော်ထားကြပါတယ်။
ဟုမ်းစ်မြို့မှာ အစိုးရစစ်တပ်က အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပြီး ဆက်လက် ပစ်ခတ်နေရာမှာ အရပ်သား ၉ ဦး သေဆုံးခဲ့ရသလို သူပုန်တပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ စစ်သား ၄ ယောက် သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေကို စောင့်ကြည့် လေ့လာနေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုကတော့ တနင်္ဂနွေနေ့က ဆီးရီးယားနိုင်ငံအတွင်း တခြားနေရာတစ်ခုမှာ အရပ်သား ၈ ယောက်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။