သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ အထွေထွေသပိတ် စတင်


ဆီးရီးယားမှာ အထွေထွေသပိတ် စတင်
ဆီးရီးယားမှာ အထွေထွေသပိတ် စတင်

ဆီးရီးယားနိုင်ငံမှာ ပြည်သူတွေရဲ့ အာခံမှုနဲ့ အစိုးရကိုဖြုတ်ချဖို့ ရည်ရွယ်ပြီး အထွေထွေသပိတ်ကြီးကို တနင်္ဂနွေနေ့က စတင်ပါတယ်။ ဆီးရီးယားနိုင်ငံ တောင်ပိုင်းမှာ စစ်တပ်ဘက်က လက်နက်ချလာသူတွေနဲ့ အစိုးရကို သစ္စာခံပြီး တင့်ကားတွေပါဝင်တဲ့ တပ်ဖွဲ့တွေအကြား တနင်္ဂနွေနေ့က တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေပြီး နိုင်ငံတလွှား တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၀ လောက်ထိ သေဆုံးသွားရပါတယ်။

နိုင်ငံတောင်ပိုင်းက Busra al-Harir မြို့ထဲကို ဆီးရီးယားအစိုးရရဲ့ အမှတ် (၁၂) သံချပ်ကာတပ်ရင်းက ညဘက်မှာ ဝင်မွှေသွားတယ်လို့ မြို့သူမြို့သားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကားနှစ်စီး မီးရှို့ခံရတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားနွယ်ဖွား စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အဲဒီလို တိုက်ခိုက်မှုမျိုးတွေက နိုင်ငံတောင်ပိုင်း တခြားနေရာ တော်တော်များများမှာလည်း ဖြစ်ပွားခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

စစ်တပ်ဘက်က လက်နက်ချလာသူတွေက အဲဒီ ဒေသတဝိုက်မှာ ပုန်းအောင်းနေပြီး အစိုးရရဲ့ ထောက်ပို့လိုင်းတွေကို တိုက်ခိုက်နေတာမို့လို့ အစိုးရရဲ့ ထိုးစစ်နဲ့ ရင်ဆိုင်ရတာ ဖြစ်တယ်လို့ ဒေသခံတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ နိုင်ငံမြောက်ပိုင်းက Kfar Takharim မှာ ဖြစ်ပွားတဲ့ အစိုးရတပ်တွေနဲ့ ဘက်ပြောင်းသူတွေအကြား တိုက်ပွဲတွေကြောင့်တော့ အရပ်သား နှစ်ဦးသေဆုံးခဲ့ရပြီး စစ်တပ်က သယ်ပို့ကားနှစ်စင်း မီးရှို့ခံခဲ့ရပါတယ်။

ဒေသတလွှားနိုင်ငံတွေကတော့ တနင်္ဂနွေနေ့မှာစတင်တဲ့ အတိုက်အခံတို့ရဲ့ သပိတ်ပွဲကို စောင့်ကြည့်နေ ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက ဈေးဆိုင်တွေကို အဓမ္မဖွင့်ခိုင်းပြီး မြို့တော်တော်များများမှာလည်း ဖမ်းဆီးတာတွေ လုပ်ပါတယ်။

ဒမက်စကက်စ်မြို့တော်မှာတော့ စီးပွားရေးလုပ်ငန်း အများစု သာမန်အတိုင်း လည်ပတ်နေတာ တွေ့ရပါတယ်။ တောင်ပိုင်းက ဒါရာ မြို့မှာတော့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို သစ္စာခံတဲ့ ပြည်သူ့စစ်တွေက သပိတ်ပွဲကို ဖျက်ပစ်ခဲ့ပါတယ်။

XS
SM
MD
LG