သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul နဲ့ Raqqa ကျဆုံးပေမဲ့ IS တွေ ဆက်ရှိနိုင်


နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ ဒေသခံတပ်တွေရဲ့ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် IS စစ်သွေးကြွတွေဟာ သူတို့အခိုင်အမာ တပ်စွဲထားတဲ့နေရာတွေ တပ်ဖွဲ့ဝင်တွေနဲ့ ဝင်ငွေရပေါက်လမ်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့လည်း မိုဆူးမြို့ကို ဆက်ထိန်းဖို့ စစ်သွေးကြွတွေ ကျားကုတ်ကျားခဲ ကာကွယ်ခဲ့ရသလို၊ ဒေသခံတွေ ကြောက်ရွံ့အောင် ခြိမ်းခြောက်တဲ့နည်းကိုလည်း လက်နက်တခုအဖြစ် အသုံးချနေတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က အခုလို ပြောပါတယ်။

“အီရတ်မှာရှိတဲ့ လူ့အခွင့်အရေးရေးရာဝန်ထမ်းတွေရဲ့ အကြောင်းကြားချက်အရ Safina ဆိုတဲ့ရွာမှာ IS တွေက အရပ်သား ၁၅ ယောက်ကို သတ်လိုက်တယ်လို့ သိရပါတယ်။ မိုဆူးမြို့ရဲ့တောင်ဘက် ၄၅ ကီလိုမီတာလောက်အကွာမှာပါ။ သတ်ပစ်ထားတဲ့အလောင်းတွေဟာ မြစ်ထဲမှာ မျောနေပါတယ်။ တခြားဒေသခံတွေကို ကြောက်အောင် ခြိမ်းခြောက်ထားတာပါ။ အောက်တိုဘာလ ၁၉ ရက်နေ့တုန်းကလည်း အဲဒီရွာမှာပဲ အရပ်သား ၆ ယောက်ကို ကြိုးတုတ်ပြီး ရွာထဲမှာ ကားနဲ့ ဒရွတ်တိုက် စွဲပြခဲ့ပါသေးတယ်။”

မိုဆူးမြို့ကို လက်လွှတ်လိုက်ရတာဟာ IS အတွက် အကြီးအကျယ် ထိခိုက်စေတဲ့ ဆုံးရှုံးမှုတခုဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ ရပ်တည်ရေးကို အဆုံးအဖြတ်ပေးလိုက်တဲ့အထိတော့ မဟုတ်ဘူးလို့ IS အကြောင်း စာအုပ်ရေးသားသူ Joby Warrick က ပြောပါတယ်။

“ဒီအစွန်းရောက်အတွေးအခေါ်က နှစ်အကြာကြီး ဆက်ရှိနေဦးမယ်။ IS ကို တိုက်ဖို့ဆိုတာ နောင်နှစ်ပေါင်းများစွာ ကြာဦးမှာပဲလို့ ပြောရပါလိမ့်မယ်။”

IS အဖွဲ့ ခေါင်းထောင်လာခဲ့တာဟာ အမေရိကန်တွေ အီရတ်ကို ကျူးကျော်သိမ်းပိုက်ခဲ့တာက စခဲ့တာလို့လည်း Joby Warrick က အပြစ်ဖို့ပါတယ်။

“ကျနော်တို့က အယ်လ်ကိုင်းဒါးအဖွဲ့ကို ဦးတည်ပစ်မှတ်ထားမယ်။ ဆာဒန်ဟူစိန်မရှိတဲ့နောက်ပိုင်း ဆက်ပြီး လိုက်တိုက်တာမျိုး မလုပ်တော့ဘူးဆိုရင် သမိုင်းကြောင်းက တမျိုးပြောင်းသွားမယ်လို့ ကျနော်ထင်ပါတယ်။ ဒီရန်သူအသစ်တွေ ပေါ်လာပြီး ဆက်တိုက်စရာလည်း အကြောင်းမရှိပါဘူး။”

IS အဖွဲ့ကြောင့် အကြမ်းဖက်မှုဆိုတဲ့ အတွေးအခေါ်အပေါ်မှာ လူတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေလည်း ပြောင်းလဲလာခဲ့တယ်လို့ Joby Warrick က ဆိုပါတယ်။

“အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့နေရာမှာ IS အဖွဲ့က အစားထိုး ခြိမ်းခြောက်လာပါတယ်။ အများလက်ခံထားတဲ့ ယဉ်ကျေးမှုအရရော သတင်းဌာနတွေမှာ ဖော်ပြတဲ့အချက်အရရော IS အဖွဲ့နဲ့ ပတ်သက်လို့ တရားသေသတ်မှတ်ထားတာက အရင် အယ်လ်ကိုင်းဒါးအဖွဲ့ မလုပ်ခဲ့ဖူးတဲ့ ရက်စက်မှုမျိုးတွေကို သူတို့လုပ်ဆောင်တယ်ဆိုတာမျိုးပါ။ ခေါင်းဖြတ်သတ်တာမျိုး၊ နေ့စဉ်ကျူးလွန်နေတဲ့ ရက်စက်မှုမျိုးတွေကို ကြည့်ပြီး အမေရိကန်ပြည်သူတွေရဲ့ စိတ်ထဲမှာလည်း အယ်လ်ကိုင်းဒါးအဖွဲ့ မလုပ်နိုင်တာတွေကို လုပ်နေတဲ့အဖွဲ့လို့ တဖြေးဖြေး မြင်လာကြပါတယ်။”

IS စစ်သွေးကြွတွေနဲ့ ပေါင်းမယ်ဆိုပြီး ထောင်နဲ့ချီတဲ့သူတွေ အရှေ့အလယ်ပိုင်းကို သွားခဲ့ကြပါတယ်။ အခု IS အခြေစိုက် Islamic နိုင်ငံတော်ဆိုတဲ့ အခိုင်အမာနေရာတွေ ကျဆုံးတော့မယ်ဆိုရင် သူတို့တွေ ကိုယ့်နေရပ် နိုင်ငံတွေကို ပြန်လာကြမှာပါ။ အဲဒီပြန်လာမယ့်သူတွေထဲက အကြမ်းဖက်မှု ရည်မှန်းချက်တွေကို စွန့်လွှတ်လိုက်သူတွေကို ခွဲထုတ်ပြီး ဂျီဟတ်ဘာသာရေးခေါင်းဆောင်တွေရဲ့ အကြမ်းဖက်ဝါဒကို ဆက်ပြီး လက်ခံယုံကြည်ထားသူတွေကို တန်ပြန်စည်းရုံးသိမ်းသွင်းနိုင်အောင် အာဏာပိုင်တွေက ကောင်းကောင်းအသုံးချနိုင်မယ်လို့ မြင်တဲ့အကြောင်းလည်း Joby Warrick က ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG