သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယား ပြည်တွင်း စစ်ကြောင့် ဒုက္ခရောက်သူ ၃ သန်းကျော်ပြီ


ဆီးရီးယား စစ်ပြေးဒုက္ခသည်များ။

ဆီးရီးယား ပြည်တွင်းစစ်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးကြသူပေါင်း သုံးသန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ ဒါဟာ ကနေ့ခေတ် လူသားမျိုးနွယ်စုအပေါ် အကြီးမားဆုံး ကပ်ဘေးသင့်မှုကြီး လည်း ဖြစ်ပါတယ်။ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ကုလသမဂ္ဂ ဒုတ်ခသည် အေဂျင်စီက ဆီးရီးယားနိုင်ငံက ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ထဲမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးလာသူပေါင်း တသန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ ဒုက္ခသည်အဖြစ်နဲ့ မှတ်ပုံတင် မထားတဲ့သူ ထောင်ပေါင်းများစွာ ရဲ့စာရင်း မပါဝင်သေးတဲ့ အကြောင်းလည်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ၂၀၁၁ ခုနှစ် မတ်လက စတင်ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဆီးရီးယား လူဦးရေ ထက်ဝက် ခြောက်သန်းခွဲလောက်ဟာ သူတို့နေအိမ်တွေကို စွန့်ခွါခဲ့ကြရတယ်လို့ ကုသမဂ္ဂက ခန့်မှန်းထားပါတယ်။

အဲဒီထဲက တ၀က်လောက်ဟာ ကလေးတွေဖြစ်ကြပါတယ်။ အဲဒီ ဆီးရီးယား ဒုက္ခသည်တွေဟာ လက်ဘနွန်၊ တူရကီနဲ့ ဂျော်ဒန်နိုင်ငံတွေကို ထွက်ပြေး လာခဲ့ကြတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီး Antonio Guterres က ဒီဒုက္ခသည်တွေ၊ ဒုက္ခသည်တွေကို လက်ခံထားကြရတဲ့ နိုင်ငံတွေကို ကမ္ဘာကြီးအနေနဲ့ ကူညီဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြတဲ့သူတွေကို ကူညီဖို့ ဒီနှစ်ကုန် မတိုင်ခင် ဒေါ်လာ နှစ်ဘီလီယံလောက် လိုအပ်တယ်လို့လည်း ကုလသမဂ္ဂ က ပြောဆိုပါတယ်။

XS
SM
MD
LG