သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဒုက္ခသည် ပထမဆုံးအသုတ် ကနေဒါရောက်ရှိ


ကနေဒါဝန်ကြီးချုပ် ဆီးရီးယားဒုက္ခသည်တွေကို ကြိုဆို။
ကနေဒါဝန်ကြီးချုပ် ဆီးရီးယားဒုက္ခသည်တွေကို ကြိုဆို။

လေယာဉ်တစင်းစာ ဆီးရီးယားဒုက္ခသည် ပထမဆုံးအသုတ် ကနေဒါနိုင်ငံကို ရောက် သွားပါပြီ။ ဆီးရီးယားဒုက္ခသည် ၁၆၃ ယောက်ပါသွားတဲ့ ကနေဒါစစ်လေယာဉ်ဟာ တိုရွန်တိုမြို့ကို ကြာသပတေးနေ့နှောင်းပိုင်းက ရောက်သွားတာပါ။

ဝန်ကြီးချုပ် Justin Trudeau, လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ၊ အွန်တေရီးယိုးပြည်နယ် ဝန်ကြီးချုပ် Kathleen Wynne နဲ့ တိုရွန်တိုမြို့တော်ဝန် John Tory တို့က ဒုက္ခသည်တွေကို ကြိုဆိုကြပါတယ်။

ဒုက္ခသည်တွေကို လာနှုတ်ဆက်ကြတဲ့လူတွေနဲ့ မနိုင်မနင်းအခြေအနေ မဖြစ်ရအောင် ကြိုးစားတဲ့အနေနဲ့ လေဆိပ်ကို အများ ပြည်သူ မလာကြဖို့ ကနေဒါအစိုးရက ပြောထားပေမဲ့လည်း လာပြီးတော့ နှုတ်ဆက်ကြိုဆိုကြသူ တချို့ကိုတော့ မတားနိုင်ပါဘူး။

ဒါဟာ တကယ့်ကို ပျော်ရွှင်ဖွယ်ရာညပါ၊ သိပ်ကိုခက်ခဲတဲ့ အခြေအနေတွေကနေ ထွက်ပြေးလာကြသူတွေကို ကျနော်တို့ လှိုက်လှဲ နွေးထွေးစွာ ဘယ်လိုကြိုဆိုကြတယ် ဆိုတာ ကမ္ဘာကို ပြလိုက်တာပါပဲလို့ ဝန်ကြီးချုပ် Trudeau ကပြောပါတယ်။

အသားအရောင်၊ ဘာသာစကား၊ ကိုးကွယ်တဲ့ ဘာသာ၊ နောက်ခံ အကြောင်းခြင်းရာတွေနဲ့ ကနေဒါနိုင်ငံသားဆိုတာကို သတ်မှတ် တာမဟုတ်ဘဲ တူညီတဲ့ တန်ဖိုးထားမှုတွေ၊ စေ့ဆော်မှုတွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေနဲ့ သတ်မှတ်တာပါလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ ဒါဟာ ကနေဒါနိုင်ငံသားတွေတင် မကဘဲ တကမ္ဘာလုံးကလူတွေကြားမှာ တူညီတဲ့အချက်တွေပါလို့လည်း ပြောပါ တယ်။

ကနေဒါနိုင်ငံဟာ နောက်နှစ် ဖေဖော်ဝါရီလကုန်ထိဆိုရင် ဒုက္ခသည် ၂ သောင်းခွဲကို လက်ခံဖို့ စီစဉ်ထားတာပါ။ ဒုက္ခသည် တွေကို ကနေဒါနိုင်ငံက ကြိုဆိုတာဟာ အမေရိကန်ပြည်ထောင်စုနဲ့တော့ ကွာခြားနေပါတယ်။

ဒုက္ခသည်တွေကို အမေရိကန်နိုင်ငံ ထဲ ဝင်ခွင့်မပြုသင့်ဘူးဆိုပြီး သမ္မတရွေးကောက်ပွဲဝင်ခွင့်ရဖို့ လုပ်နေသူတဦး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး အများအပြားနဲ့ သာမန် နိုင်ငံသားတွေက ကန့်ကွက် ပြောဆိုထားကြတာပါ။

XS
SM
MD
LG